အမျိုးသားတွေဖြစ်တတ်တဲ့ ရင်သားကင်ဆာအကြောင်းနဲ့ လက္ခဏာရပ်တွေ

11-10-2021yyl5.jpg

အမျိုးသမီးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်တို့အားလုံးသိထားကြပေမဲ့ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာကို သတိပြုမိသင့်ပါတယ်။ အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်တာရှားပေမဲ့ အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်ပွားနိုင်တယ်ဆိုတာကို လက်တွေ့အထောက်အထားတွေမှာ ပြသနေပါတယ်။ အမျိုးသား ၂၆၅၀ဉီး ခန့်က ရင်သားကင်ဆာရောဂါဖြစ်ပွားတယ်လို့ခန့်မှန်းကြပြီး အဲဒါကြောင့်ပဲ အမျိုးသား ၅၃၀ ဉီးက သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါကြောင့် အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ချေနည်းတယ်ဆိုပြီး ပေါ့ဆမနေသင့်ဘဲ ရင်သားကင်ဆာရောဂါလက္ခဏာရပ်တွေကို သိထားသင့်ပါတယ်။

အမျိုးသားတွေရဲ့ရင်သားကင်ဆာကို အသက်ကြီးတဲ့အမျိုးသားတွေမှာ အများဆုံးဖြစ်ပွားတယ်

ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာအရ “အသက်ကြီးလာတာနဲ့အမျှ ရင်သားကင်ဆာဖြစ်နိုင်ခြေ များလာတယ်” လို့ သိရပါတယ်။ ရင်သားကင်ဆာ အများစုကို အသက် ၅၀ ကျော်မှာ တွေ့ရှိရတယ်လို့ CDC က ဆိုထားပါတယ်။ ရင်သားကို ပုံမှန်စစ်ဆေးတာက အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ချေရှိတဲ့လက္ခဏတွေကို သိရှိနိုင်စေဖို့ ထိရောက်သောနည်းလမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာရဲ့လက္ခဏာရပ်တွေက ဘာတွေလဲ

အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာရဲ့ ရောဂါလက္ခဏာရပ်တွေ များစွာရှိပါတယ်။ American Cancer Society (ACS) အရ အောက်မှာ ဖော်ပြထားတာတွေက အမျိုးသားရင်သားကင်ဆာရဲ့ အဖြစ်များတဲ့ လက္ခဏာရပ်တချို့ဖြစ်ပါတယ်။

  • ရင်သားတစ်ဖက်မှာ နာကျင်မှုမရှိတဲ့အဖု
  • နို့သီးခေါင်းချိုင့်ဝင်ခြင်း၊ ပြည်တည်နာဖြစ်ခြင်း၊ အရည်များထွက်ခြင်း
  • ရင်သား သို့မဟုတ် နို့သီးခေါင်းအရေပြားအရောင်ပြောင်းခြင်း

ဒီ လက္ခဏာရပ်တွေက ရင်သားကင်ဆာရဲ့ အစောပိုင်းသတိပေး လက္ခဏာတွေဖြစ်ပြီး ကင်ဆာပြန့်ပွားနေတယ်ဆိုတာ သိနိုင်တဲ့ လက္ခဏာအချို့ရှိပါတယ်။ ပြန်ရည်ဂလင်းများ ((lymph node) ကြီးခြင်း၊ ရောင်ရမ်းခြင်း၊ ရင်သားနာကျင်ခြင်းနဲ့ အရိုးနာကျင်ခြင်း တွေက ပိုမိုပြင်းထန်တဲ့ လက္ခဏာရပ်တွေပါ။

အမျိုးသားတွေ ဖြစ်ပွားတဲ့ ရင်သားကင်ဆာအမျိုးအစားတွေက ဘာလဲ

CDC က အမျိုးသားတွေမှာ ဖြစ်ပွားတဲ့ ရင်သားကင်ဆာ အမျိုးအစားသုံးမျိုးရှိတယ်လို့ ဆိုထားပါတယ်။

  • Invasive ductal carcinoma – ဒီရင်သားကင်ဆာအမျိုးအစားက ကင်ဆာဆဲလ်တွေက ရင်သားပြွန်အတွင်းမှာ စတင်ပြီး ပြွန်အပြင်ဘက်မှာ ကြီးထွားလာကာ ရင်သားတစ်သျူးရဲ့အခြားအစိတ်အပိုင်းတွေအထိ ပြန့်သွားတာပါ။
  • Invasive lobular carcinoma – ကင်ဆာဆဲလ်တွေက lobules ဂလင်း အတွင်း စတင်ပြီး အဲဒီနောက် နီးကပ်စွာရှိနေတဲ့ ရင်သားတစ်ရှူးတွေဆီ ပျံ့နှံ့သွားပါတယ်။
  • Ductal carcinoma in situ (DCIS) : ကင်ဆာဆဲလ်တွေက ရင်သားပြွန်အတွင်းပိုင်းမှာသာဖြစ်ပြီး အခြားရင်သားတစ်ရှူးတွေဆီ ပြန့်မသွားတဲ့ ရင်သားကင်ဆာအမျိုးအစားပါ။

အမျိုးသားနဲ့ အမျိုးသမီးတွေမှာရင်သားကင်ဆာတွေကို ရင်သားဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်း၊ နို့သီးခေါင်းအရည်စစ်ဆေးခြင်းတွေရဲ့အကူအညီနဲ့ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ရင်သားမှာ တစ်ခုခုထူးခြားတာရှိမရှိ ကိုယ်တိုင်ပုံမှန်စစ်ဆေးပေးတာက ရောဂါရှာဖွေရာမှာလည်း အထောက်အကူပြုနိုင်ပါတယ်။

ရင်သားကင်ဆာက မျိုးရိုးဗီဇပြောင်းလဲမှုရဲ့ ရလဒ်တစ်ခုလည်းဖြစ်ပါတယ်။ မိသားစုမှာ ရင်သားကင်ဆာဖြစ်ဖူးတဲ့သူရှိရင် အဲဒီသူရဲ့မိသားစုဝင်ကလည်း အလားတူအခြေအနေမျိုး ဖြစ်ပွားနိုင်ချေများပါတယ်။ ပုံမှန်မဟုတ်တဲ့ BRCA1 ဒါမှမဟုတ် BRCA2 မျိုးဗီဇကို အမွေဆက်ခံထားတဲ့ အမျိုးသားတွေက ရင်သားကင်ဆာဖြစ်နိုင်ချေ ပိုများပါတယ်။ ဒါပေမဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေက အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ တစ်ခုတည်းသောအချက်မဟုတ်ပါဘူး။

ကုသနည်း

ရင်သားကင်ဆာအကျိတ်အရွယ်အစားပေါ် မူတည်ပြီး ဆရာဝန်က ဘယ်လိုနည်းနဲ့ကုသမှုခံယူရမယ် ဆိုတာကို အကြံပြုပေးပါလိမ့်မယ်။ ခွဲစိတ်တာ၊ ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံး၊ ဟော်မုန်းကုထုံးနဲ့ Targeted ကုထုံးတွေ ရင်သားကင်ဆာအတွက် ကုသနည်းတချို့ဖြစ်ပါတယ်။

Ref: What does breast cancer in men look like? Signs and symptoms to watch out for

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top