သင်္ကြန်ပွဲတော်ကို မြန်မာကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားများ မည်သို့ဖြတ်သန်းကြမည်လဲ

ONE11.jpg

ဧပြီ (၁၃) ရက်မှ စတင်ကာ မြန်မာနိုင်ငံ၏ အထင်ရှားဆုံးနှင့် ပျော်စရာအကောင်းဆုံး အတာသင်္ကြန်ပွဲတော်ကြီးကို ကျင်းပတော့မည် ဖြစ်သည်။ နှစ်စဉ် ပုံမှန်ကျင်းပနေကျ ယင်းပွဲတော်ကို မြန်မာနိုင်ငံသားတိုင်းလိုလို ပါဝင်ဆင်နွှဲဖူးကြသလို တောရော မြို့ပါမကျန် အုံးအုံးကျွက်ကျွက်ပါဝင်ဆင်နွှဲလေ့ရှိကြသည့်ပွဲတော်ကြီးလည်း ဖြစ်သည်။

တစ်နှစ်တာလုံး ပြိုင်ပွဲနှင့် လေ့ကျင့်ရေးအစီအစဉ်များဆက်နေသည့် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားများထဲတွင်လည်း အခြားသူများနည်းတူ သင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာပါဝင်ဆင်နွှဲရန် အားခဲထားသူများ ရှိသည်။ ၎င်းတို့ထဲတွင် ဘူရှီဒိုဟု ကြိုးဝိုင်းနာမည်ရထားသူ ဖိုးသော်လည်း တစ်ဦးအပါအဝင်ဖြစ်ပြီး ၎င်းက သင်္ကြန်ကာလတွင် မိသားစုနှင့်အတူလည်ပတ်ကာ ရေကစားလိုသည်ဟု ဖွင့်ဟခဲ့သည်။

“ဒီနှစ်သင်္ကြန်လည်း ရန်ကုန်မှာပဲ။ ကျွန်တော်က အိမ်မှာရှိတဲ့ ကားနဲ့ပဲ ရပ်ကွက်ထဲကမဏ္ဍပ်တွေ ကြည့်ချင် ပြုချင်တဲ့သူတွေရှိရင် ကားမောင်းပြီးပို့ပေးတယ်။ ပြီးရင် အရင်နှစ်တွေကလိုပဲ ကားပေါ်မှာတိုင်ကီလေး တင်ပြီးတော့ ရေခဲရေဖြည့်။ ပြီးတာနဲ့ အဆင်ပြေတဲ့နေရာ၊ ရေလွယ်တဲ့နေရာမှာ ရပ်ပြီးတော့ ရေပက်ကြမယ်။ ပြီးရင် ပြန်နားမယ်” ဟု ONE Championship တွင် ကိုယ်ခံပညာသိုင်းပေါင်းစုံပွဲပေါင်း ရှစ်ပွဲပါဝင်ကစားထားသူ ဖိုးသော်က ၎င်း၏ သင်္ကြန်အစီအစဉ်ကို ပြောပြခဲ့သည်။

သင်္ကြန်တွင် ရေလောင်းရေပက်ကစားခြင်းများအပြင် လှပျိုဖြူများ၏ ယိမ်းအကများဖြင့် စည်းဝါးညီစွာ ဖျော်ဖြေမှုများ၊ မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်းနှင့် အခြား စတုဒီသာကျွေးမွေးဧည့်ခံခြင်းများ၊ ဥပုသ်သီလ ဆောက်တည်ပြီး တရားဘာဝနာပွားများခြင်းများလည်း ပြုလုပ်ကြလေ့ရှိသည်။ ONE ၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲ (၅) ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည့် မြန်မာ့ရိုးရာလက်ဝှေ့သမား ရဲသွေးနီကလည်း သင်္ကြန်ကာလ ကုသိုလ်ကောင်းမှုလုပ်မည့်သူများ စာရင်းတွင်ပါဝင်နေသည်။

“သင်္ကြန်အတွက်စီစဉ်ထားတာကတော့ သင်္ကြန်ထမင်း စတုဒီယာကျွေးဖို့ပါ။ ကျွန်တော်တို့လက်ဝှေ့ကလပ်က လူတွေစုပြီးတော့ သင်္ကြန်ထမင်းကျွေးကြမယ်။ နောက်ပြီးတော့ ဆိုကြမယ် ကကြမယ်ပေါ့။ သင်္ကြန်မှာ လျှောက်တော့မလည်ပါဘူး။ ဘာလို့လဲဆိုတော့ လက်ဝှေ့သမားစိတ်နဲ့ဆိုရင် ရန်တွေဘာတွေဖြစ်မှာ၊ မတော်တဆမှု ဖြစ်မှာတွေ ကြောက်ရတယ်လေ။ ကလပ်ထဲမှာပဲ စတုဒီသာကျွေးမယ်။ ဆိုကြ ကကြမယ်။ ကျွန်တော်တို့ တောင်ကလေးကလပ်ရဲ့ ရန်ပုံငွေနဲ့ပေါ့” ဟု ရဲသွေးနီက သူ၏ သင်္ကြန်အစီအစဉ်ကို ပြောပြသည်။

သို့သော် သင်္ကြန်ကာလအတွင်း ရိုးရာလက်ဝှေ့ပွဲများက ပြတ်လပ်သွားခြင်းမရှိသဖြင့် ကစားသမားအချို့မှာတော့ ပျော်ပွဲရွှင်ပွဲတွင် ပါဝင်ဆင်နွှဲခွင့်မရကြဘဲ ပြိုင်ပွဲအတွက်လေ့ကျင့်ပြင်ဆင်နေရသည်။ ယင်းကစားသမား များထဲတွင် မိုက်ရိုင်းနှင့် သပြေညိုတို့ကဲ့သို့ ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားများလည်း ပါဝင်နေသည်။ ၎င်းတို့ နှစ်ဦးသည် လာမည့် ဧပြီ (၁၆) ရက်၊ သင်္ကြန်အတက်နေ့တွင် ဘားအံမြို့၊ ချစ်သူမြိုင်ပန်းဥယျာဉ်အတွင်း ကျင်းပမည့် ရိုးရာလက်ဝှေ့ပွဲ၌ တွဲဆိုင်းများအသီးသီးပါဝင်နေသဖြင့် သင်္ကြန်ပွဲတော်ဆင်နွှဲခွင့်ကို လက်လွှတ်ခဲ့ကြရသည်။

“သင်္ကြန်မှာ ဘာအစီအစဉ်မှတော့မရှိဘူး။ လက်ဝှေ့ပွဲရှိတယ်လေ။ ချစ်သူမြိုင်ပွဲမှာထိုးရမှာ။ ဧပြီ (၁၆) ရက်နေ့ ဆိုတော့ လည်ဖို့မအားဘူး။ အတက်နေ့ထိုးရမယ် ဆိုတော့လေ။ အရင်နှစ်တွေကတော့ ဘားအံမှာပဲ လည်ဖြစ်တယ်” ဟု ONE Championship ၏ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားတစ်ဦးလည်းဖြစ်သူ ရိုးရာလက်ဝှေ့ကျော် မိုက်ရိုင်းကဆိုသည်။

ယင်းသို့ ရိုးရာလက်ဝှေ့ သမားများ ပြည်တွင်းပြိုင်ပွဲယှဉ်ပြိုင်ကစားရန်ရှိနေသဖြင့် သင်္ကြန်ပွဲတော်ဆင်နွှဲခွင့် မရသလို ONE Championship ၏ Warrior Series တွင် ပါဝင်ထိုးသတ်မည့် မြန်မာကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမား ပုညစိုင်းမှာလည်း ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေရသဖြင့် သင်္ကြန်အစီအစဉ်မရှိဟု ဆိုခဲ့သည်။ ပုညစိုင်းသည် လာမည့် ဧပြီ (၂၅) တွင် စင်ကာပူနိုင်ငံ၌ကျင်းပမည်ဖြစ်သော ONE Warrior Series (5) တွင် ပါဝင်ထိုးသတ်ခွင့်ရမည်ဖြစ်ပြီး ၎င်း၏ ကစားသမားသက်တမ်းတစ်လျှောက် တတိယမြောက် ပရော်ဖက်ရှင်နယ်ပွဲစဉ် ဖြစ်လာမည် ဖြစ်သည်။

ပြိုင်ပွဲ နီးနီးကပ်ကပ်မရှိသော်လည်း ပြည်ပတွင် လေ့ကျင့်ရေးစခန်းဝင်နေသည့် အမျိုးသမီးကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားသမား ဘိုဇီနာ အန်တိုနီယာကလည်းသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခွင့်လွဲချော်မည် ဖြစ်သည်။ “တိုတို”ဟု ကြိုးဝိုင်းနာမည်ယူထားသူ အန်တိုနီယာက ယခင်ကလည်း သင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံတွင်ရှိနေစဉ်ကာလကတည်းက ပါဝင်ဆင်နွှဲခဲ့ဖူးခြင်းမရှိဟု ဆိုခဲ့သည်။ ONE Championship တွင် (၃) ပွဲပါဝင်ထိုးသတ်ပြီး နှစ်ပွဲနိုင်ထားသူ အန်တိုနီယာသည် လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှ Bali MMA လေ့ကျင့်ရေးစခန်းတွင် လေ့ကျင့်လျက်ရှိသည်။

“သင်္ကြန်ကို တစ်ခါမှမလည်ဖူးဘူး။ သင်္ကြန်ချိန် ဆိုလည်း အလုပ်နဲ့လုံးပန်းနေရတော့ ဘာမှမလုပ်ဖြစ်ဘူး။ ဒီနှစ် သင်္ကြန်မှာလည်း လေ့ကျင့်ရေးပဲလုပ်ဖြစ်မယ်။ အမှတ်တရကတော့ မရှိသလောက်ပဲပြောရမှာပေါ့။ အလုပ်လုပ်တဲ့ အချိန်ဆိုလည်းအလုပ်မို့။ အခုလည်း လေ့ကျင့်ရေးမို့ဆိုတော့။ ဒါပေမဲ့ အရင်က ညဘက် ဈေးဝယ်ထွက်ရင်တော့ လမ်းမှာ ကလေးတွေရေလိုက်ပက်တာကိုပတ်ပြေးရတာတော့ အမှတ်တရလို့ပဲ ပြောရမှာပေါ့” ဟု အန်တိုနီယာက အရွှန်းဖောက်ပြီး ပြောပြခဲ့သည်။

အခြား မြန်မာကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားနှစ်ဦးဖြစ်သည့် အောင်လအန်ဆန်နှင့် တီရယ်ထန်းတို့မှာမူ ၎င်းတို့၏ Hard Knocks 365 အသင်းဖော် Martin Nguyen ၏ ONE Championship ပြိုင်ပွဲရှိနေသဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေကြသည်။ Nguyen သည် မနီလာမြို့တွင် ကျင်းပသည့် ONE: Roots of Honor ပြိုင်ပွဲကြီးတွင် ၎င်း၏ ဖယ်သာဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်ရမည် ဖြစ်သည်။ Nguyen ၏ ကြိုးဝိုင်းအကူအဖြစ်ဆောင်ရွက်ပေးမည့် အောင်လအန်ဆန်နှင့် အသင်းဖော် တီရဲလ်ထန်တို့၏ သင်္ကြန်အစီအစဉ်ကို လတ်တလောမသိရသေးသော်လည်း ဧပြီ (၁၂) တွင် ကျင်းပသည့် ယင်းပြိုင်ပွဲအပြီးတွင် ခရီးမဝေးတော့သည့် မြန်မာနိုင်ငံမှသင်္ကြန်ပွဲသို့ လာရောက်ဆင်နွှဲနိုင်ချေရှိနေသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top