(၇) ရက်သားသမီးများအတွက် (၁၃၈၁) ခုနှစ်၊ နှစ်သစ်တစ်နှစ်တာ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်း

My-Post2.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁၃၈၁) ခုနှစ်၊ နှစ်သစ်တစ်နှစ်တာအတွက် တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

တနင်္ဂနွေသားသမီးများ ၁၃၈၁ ခုနှစ်အတွင်း စီးပွားရေးလုပ်ငန်းများထွန်းတောက်လိမ့်မည်။ အဆောက်အဦဆာက်လုပ်ခြင်း၊ ဆေးဘက်ဆိုင်ရာလုပ်ငန်းများ၊ ဆေးရုံလုပ်ငန်းများဖြင့် တိုးတက်ကောင်းမွန်စီးပွားဖြစ်ပါလိမ့်မည်။ ရေလုပ်ငန်း၊ သတ္တုလုပ်ငန်းများ အနည်းငယ်ညံ့ပါလိမ့်မည်။ နိုင်ငံခြားဆက်ဆံရေးကောင်းမွန်ပြီး၊ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်မည့်နှစ်ဖြစ်သည်။ ကျန်းမာရေးအနေနှင့် ယခုနှစ်တွင် မျက်လုံးနှင့်ပတ်သက်သော ရောဂါကို ဦးစားပေးရလိမ့်မည်။ သတိထားပါ၊ နှလုံးရောဂါနှင့် အရိုးရောဂါများလည်း ရတတ်သည်။ အချစ်ရေးတွင် အများအားဖြင့် ကံကောင်းနေသော်လည်း လက်ထပ်ရန်အတွက် အားနည်းမည်။ အဖုအထစ်တစ်ခုခုဖြစ်နေလိမ့်မည်။ အိမ်ထောင်သည်များ ယခုနှစ်သည် အိမ်ထောင်ရေးသာယာမည့်နှစ်ဖြစ်သည်။ အိမ်၊ မြေများဝင်တတ်ပြီး အဝေးမှ ဆွေမျိုးသားချင်းထောက်ပံ့ခြင်းရရှိမည်။ ပညာရေးသမားများအတွက် ၁၃၈၁ ခုနှစ်သည် ပညာရေးကောင်းသော နှစ်တစ်နှစ်ဖြစ်သည်။ သေချာလုပ်ပါက မိမိရည်မှန်းချက်ရောက်မည်။ အစိုးရဝန်ထမ်းများ ရာထူးတိုးတက်ရန်အတွက် ရာထူးဆိုင်ရာစာမေးပွဲအောင်မည်။
အကျိုးပေးဂဏန်း – ၁-၆-၄။ ယတြာ – နှစ်ဆန်း(၁) ရက်နေ့တွင် ငှက်(သို့) ငါးလွှတ်ပြီး ဂုဏ်တော်ပုတီး တစ်ပတ်စိပ်ပါ။

တနင်္လာ

ယခုနှစ်အတွင်း တနင်္လာသားသမီးများအနေနှင့် စီးပွားရေးလုပ်ဆောင်ရာတွင် အခက်အခဲများနှင့် ဦးစွာရင်ဆိုင်ရပြီးမှ အောင်မြင်ခြင်းများဖြစ်ပေါ်မည့်နှစ်ဖြစ်သည်။ စီးပွားရေးအတွက် ပထမအကြိမ်သည် အတိုက်အခံနှင့် ရင်ဆိုင်ရမည်ဖြစ်သဖြင့် သတိပြုဆောင်ရွက်ရမည်။ အထူးသဖြင့် ရေလုပ်ငန်း၊ ငါးလုပ်ငန်း၊ သင်္ဘောနှင့် ရေလမ်းကြောင်းဆိုင်ရာလုပ်ငန်းများ၊ ရေသန့်လုပ်ငန်းများ ကောင်းပါသည်။ သတ္တုလုပ်ငန်းနှင့် သံလုပ်ငန်းများ အနည်းငယ်ညံ့သည်ကာလဖြစ်သည်။ ကျန်းမာရေးအနေနှင့် ယခုတစ်နှစ်ပတ်လုံး အနည်းငယ်ညံ့တတ်ပါသည်။ မတော်တဆထိခိုက်မှု့များလည်း ရှိနိုင်သည်။ အထူးသဖြင့် ခြေ၊ လက်တို့သတိထားပါ။ အချစ်ရေးတွင် လူသိမခံသော တိတ်တခိုးအချစ်နှင့် ချစ်ရသူတစ်ဦးရှိမည်။ ထိုချစ်သူနှင့် အဆင်ပြေပါမည်။ အိမ်ထောင်ရေးအနေနှင့် ယခုနှစ်သည် မကြာခဏ သဘောထားမတိုက်ဆိုင်ဘဲ ရန်ဖြစ်တတ်သဖြင့် သတိထားပါ။ ပညာရေးလိုက်စားသူများ ယခုနှစ်အတွက် အလွန်ကြိုးစားသင့်သည့်နှစ်ဖြစ်သည်။ လက်ဝတ်ရတနာများ ဝင်မည်။ အစိုးရဝန်ထမ်းများ ယခုနှစ်သည် စိတ်သောကအနည်းငယ်ရောက်တတ်ပြီး ရာထူးနေရာကိစ္စများတွင် နောက်ကောက်ကျန်တတ်သည်။
အကျိုးပေးဂဏန်း – ၂ ၊ ၅၊ ဝ။ ယတြာ – နှစ်ဆန်း(၁) ရက်နေ့တွင် သက်ကြီးများအား မျက်နှာသုတ်ပုဝါလှူပါ။

အင်္ဂါ

ယခုနှစ်အတွင်း အင်္ဂါသားသမီးတို့အနေဖြင့် စီးပွားရေးအတွက် ကံညံ့သော နှစ်ဖြစ်သည်။ အပျက်သဘောဖြင့်သာ ကျော်ကြားတတ်သည့်သဘောလည်းဖြစ်သည်၊ ထို့ကြောင့် ယခု ၁၃၈၁ ခုနှစ်တွင် လုပ်ငန်းအနေဖြင့် ဂုဏ်သိက္ခာကျစရာ အလုပ်များကို ရှောင်ပါ။ ဝန်ထမ်းများကြောင့် လုပ်ငန်းပြဿနာဖြစ်မည်၊ ဝန်ထမ်းလူယုံကြောင့် တစ်နှစ်ပတ်လုံး သောကရောက်ရမည်။ အထည်အလိပ်လုပ်ငန်း၊ စက်ရုံအလုပ်ရုံများနှင့် လျှပ်စစ်ပစ္စည်းနှင့် ဆိုင်သောလုပ်ငန်းများ ကောင်းသည်။ စားသောက်ဆိုင်လုပ်ငန်းများကောင်းသည်။ သို့သော် ပြည်ပနှင့်ဆက်ဆံရသည့်လုပ်ငန်း၊ ဘဏ်ချေးငွေလုပ်ငန်းများကြောင့် ယခုနှစ်အတွက် စိတ်သောကရောက်ရတတ်သည်။ ကျန်းမာရေးအနေနှင့် ဒူးနာခြင်း၊ ခါးနှင့် ကျောက်ကပ်ဆိုင်ရာကိစ္စရပ်များ ဖြစ်တတ်သည်။ အထူးသဖြင့် ခါးရိုးထိခိုက်မိပါက ကုသရန်ခက်မည်။ အချစ်ရေးအနေနှင့် ကံကောင်းပြီး မိမိချစ်ရသူနှင့် လက်ထပ်မည်ဆိုပါက လက်ထပ်နိုင်သည့် အခြေအနေဖြစ်သည်။ အိမ်ထောင်ရေးတွင် နှစ်ဘက်မိဘတို့အကြောင်းပြုပြီး စိတ်သောကရောက်စရာများရှိသည်။ သတိထားရမည်။ ငွေချေးငှါးခြင်းကြောင့်လည်း ပြဿနာရင်ဆိုင်ရတတ်သည်။ ပညာရေးသမားများအနေနှင့် အလွန်ကြိုးစားရမည့်နှစ်ဖြစ်သည်။ မည့်သည်စာမေးပွဲဖြစ်ပါစေ သူများထက် နှစ်ဆမကြိုးစားဘဲ အဆင်မပြေနိုင်ပါ။ ယခုနှစ်အတွင်း စက်ပစ္စည်း၊ ကား စသည်တို့ဝင်မည်။ အစိုးရဝန်ထမ်းများ ကံကောင်းသည့်နှစ်ဖြစ်သည်။
အကျိုးပေးဂဏန်း – ၃ ၊ ၁ ၊ ၆။ ယတြာ – နှစ်ဆန်း(၁) ရက်နေ့တွင် မိမိထက်ငယ်သူများကို ဆီးသီးနှင့် ပြုလုပ်သော မုန့်များဝေပေးပါ။

ဗုဒ္ဓဟူး

ဗုဒ္ဓဟူးသားသမီးများအတွက် ယခုနှစ်သည် ငွေဝင်မည့်နှစ်ဖြစ်ပါသည်၊ စုဆောင်းနိုင်မည့်နှစ်လည်းဖြစ်သည်။ သို့သော် စိတ်ညစ်ရမည်၊ အများတကာ၏ တာဝန်များ၊ မိမိနှင့် တိုက်ရိုက်မပတ်သက်သောတာဝန်များပါ ပိနေလိမ့်မည်။ မည်မျှပင်ကောင်းအောင်လုပ်စေကာမူ မကောင်းပြောသူများတတ်သည်။ သို့သော် ယခုနှစ်ကံကောင်းပါသည်။ အထူးသဖြင့် ရွှေ၊ သတ္တု၊ ကျောက်စိမ်းတူဖော်ခြင်း စသည့်လုပ်ငန်းများ၊ ဆေးပစ္စည်း၊ ဆေးရုံ စသည်တို့ ကောင်းသည်။ စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်လုပ်ငန်းများ အနည်းငယ် ညံ့နေတတ်သည်။ ကျန်းမာရေးအနေနှင့် ဆီးချို၊ သွေးတိုးရှိသူများ သတိထားရမည်။ လေဖြတ်တတ်သည်။ ကျောက်ကပ်ရောဂါလည်း စစ်ဆေးသင့်သည်။ အချစ်ရေးအနေနှင့် လျှို့ဝှက်ချစ်သူများကြောင့် စိတ်ညစ်ရလိမ့်မည်။ အိမ်ထောင်သည်များလည်း ယခုနှစ်အတွင်း ချစ်သူရတတ်သဖြင့် အထူးဆင်ခြင်ပါ။ ပညာရေးအနေနှင့် ကောင်းပါသည်။ ဆရာကောင်းနှင့် တွေ့ရမည်။ ကား၊ စက်ပစ္စည်းဝင်မည်။ အစိုးရဝန်ထမ်းမျာ ငွေဝင်တိုးမည်၊ လစာအပြင် ထောက်ပံ့စရိတ်များပါ ချီးမြှင့်ခံရတတ်သည်။

ရာဟု ။ ။ ၁၃၈၁ ခုနှစ်အတွက် ရာဟုသား/သမီးများသည် ကံကောင်းနေတတ်ပြီး စီးပွားရေးအဆင်ပြေမည့်နှစ်ဖြစ်သည်။ ယခုနှစ်တွင် အိမ်ထောင်ကျနိုင်သည်။ အရိုးနှင့်ပတ်သက်သောရောဂါကို သတိထားပါ။
အကျိုးပေးဂဏန်း – ၂ ၊ ၄ ၊ ၅။ ယတြာ – နှစ်ဆန်း(၁) ရက်နေ့တွင် ငါးလွှတ်ပြီး ဂုဏ်တော်ပုတီးစိပ်ပါ။

ကြာသပတေး

ကြာသာပတေးသားသမီးတို့အနေဖြင့် ယခု(၁၃၈၁) ခုနှစ်သည် ကံအညံ့ဘက်ကို အားသာသောနှစ်ဖြစ်သောကြောင့် ယခင်နှစ်များထက် အနည်းငယ် သတိပိုထားရမည့်နှစ်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများ စတင်မထူထောင်သင့်သည့်နှစ်ဖြစ်သလို စီးပွားရေးလုပ်ငန်းများလည်း မတိုးချဲ့သင့်ပေ။ ယခုနှစ်တွင် ငွေကြေးကိစ္စ၊ အစုစပ်ကိစ္စများဖြင့် အတော်လေးအကြပ်ရိုက်မည်။ စားသောက်ဆိုင်လုပ်ငန်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် အခြား ပညာရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ ကောင်းပါသည်။ ကျန်းမာရေးအနေနှင့် ယခုနှစ်အတွင်း ကိစ္စတစ်ခုခုဖြစ်ပါက ဆေးရုံဆေးခန်းသို့ အမြန်ပြသရန်လိုပါသည်၊ တိုင်းရင်းဆေးသမားတော်ကြီးများနှင့်လည်း သေချာပြသကုသရမည်ဖြစ်ပါသည်။ ကျန်းမာရေးအနေနှင့် ယခုနှစ်သည့် ကံညံ့ဖြစ်သည်။ အချစ်ရေးတွင် နှစ်ရှည်တွဲလာသည့် ချစ်သူနှင့် အဆင်မပြေဖြစ်တတ်သည်။ ထိုအချစ်သူနှင့်လည်း ခွဲနေရတတ်သည်။ ကွဲလည်း ကွဲတတ်သည်။ အိမ်ထောင်ရေးအနေနှင့် ကံကောင်းပါသည်။ ယာယီခရီးများ မကြာခဏ ထွက်ပေးပါ။ ပညာရေးအတွက် ယခုနှစ်သည် အထူး(အထူး) ကြိုးစားနိုင်မှ အဆင်ပြေမည့်နှစ်ဖြစ်ပါသည်။ လက်ဝတ်ရတနာ၊ မြေ၊ အိမ် ဝင်မည်။ နိုင်ငံဝန်ထမ်းများ ကံကောင်းသောနှစ်ဖြစ်သည်။
အကျိုးပေးဂဏန်း – ၁၊၃ ၊ ၅။ ယတြာ – နှစ်ဆန်း(၁) ရက်နေ့တွင် စတုဒီသာလှူပြီး လိုရာဆုတောင်းပါ။

သောကြာ

သောကြာသားသမီးများအနေနှင့် ယခုနှစ်အတွင်း အလွန်ကောင်းသော အဆင်ပြေခြင်းများ၊ စိတ်ချမ်းသာခြင်းများ ဖြစ်လိမ့်မည်။ စီးပွားရေးအတွက် အထောက်အပံ့များရရှိမည်၊ အနုပညာနှင့်ဆိုင်သော လုပ်ငန်းများ၊ အလှအပနှင့်ဆိုင်သောပစ္စည်းများ၊ လုပ်ငန်းများ၊ အသားအရေ၊ သီချင်းဆိုခြင်းနှင့် ရုပ်ရှင်ဆိုင်ရာ ထုတ်လုပ်ခြင်းများကို လုပ်ဆောင်သူတို့အတွက် အကျိုးများမည့်နှစ်ဖြစ်သည်။ စားသောက်ဆိုင်၊ အထည်အလိပ်နှင့် အနုပညာဆန်သော လက်ဝတ်ရတနာလုပ်ငန်းများ ကံကောင်းသောနှစ်ဖြစ်သည်။ ကျန်းမာရေးအနေနှင့် နှလုံးရောဂါရတတ်သည်၊ အစာအိမ်ရောဂါရှိပါက သတိပြုပါ။ အချစ်ရေးအနေနှင့် မိမိချစ်ရသောသူနှင့် ချစ်သူဖြစ်ရမည်။ မိမိစိတ်တိုင်းကျဖြစ်နေလိမ့်မည်။ လက်ထပ်ရန်မှာ အနည်းငယ်ခက်မည်။ နှစ်ဘက်မိဘတို့ အတော်လေး ညှိနှိုင်းရမည်။ အိမ်ထောင်သည်များ စန်းပွင့်သဖြင့် သတိထားပါ။ ပညာရေး ကံကောင်းသောနှစ်ဖြစ်ပြီး စီးပွားရေးပညာနှင့် နိုင်ငံခြားဘာသာစကားသင်ပါက အလွန်ကောင်းပါသည်။ လက်ဝတ်ရတနာများ၊ မြေ၊ ကား စသည်တို့ ဝင်လာမည်။ နိုင်ငံဝန်ထမ်းများ လုပ်ဖော်ကိုင်ဘက်များ၏ အကူအညီများစွာရရှိပြီး စိတ်ချမ်းသာရမည်။
အကျိုးပေးဂဏန်း – ၄ ၊ ၆ ၊ ဝ။ ယတြာ – နှစ်ဆန်း(၁) ရက်နေ့တွင် မိဘများကို အဝတ်အထည်သစ်များဖြင့် ကန့်တော့ပါ။

စနေ

ယခု (၁၃၈၁) ခုနှစ်အတွက် စနေသားသမီးတို့အနေဖြင့် နိုင်ငံတော်နှင့်ပတ်သက်ရသော လုပ်ငန်းများ၊ အစိုးရနှင့်ဆိုင်သော စီးပွားရေးလုပ်ငန်းများမှ အမြတ်အစွန်းများရမည်။ သတ္တုတူးဖော်ခြင်း၊ ကျောက်မျက်ရတနာနှင့် ပြည်ပသွင်းကုန် ထုတ်ကုန်လုပ်ငန်းများတွင် အာဏာပိုင်တို့နှင့် အဆင်ပြေမည်။ ရေနံနှင့်ဆိုင်သော ဓာတ်ဆီဆိုင်လုပ်ငန်းများ တိုးတက်မည်။ သစ်တောထွက်ပစ္စည်းလုပ်ကိုင်သူများအနေနှင့် အနည်းငယ်သတိထား၍လုပ်ကိုင်ပါ။ ကျန်းမာရေးအနေနှင့် ယခုနှစ်တွင် အရိုးရောဂါများ၊ အူမကြီးနှင့် အကြောအဆစ်တို့နှင့်ဆိုင်သောရောဂါများ အထူးသတိထားရမည်။ အချစ်ရေးတွင် မိမိချစ်ရသူနှင့် မကြာခဏ ရန်ဖြစ်လိုက် ပြန်တည့်လိုက်ဖြစ်နေမည်။ လက်ထပ်ရန်အဆင်မပြေဖြစ်မည်။ အိမ်ထောင်သည်များအနေနှင့် ခရီးသွားရများပြီး ခွဲနေရသည်က များမည်။ ပညာရေးသမားများ ယခုနှစ်အတွက် အထူးသတိထားပါ၊ စာအလွန်ကြိုးစားရမည်။ အဝတ်သစ်၊ စက်ပစ္စည်းသစ်များ ဝင်မည်။ နိုင်ငံဝန်ထမ်းများ အထက် အောက် ဆက်ဆံရေးတွင် သတိထားပါ။
အကျိုးပေးဂဏန်း – ၃ ၊ ၇ ၊ ဝ။ ယတြာ – နှစ်ဆန်း(၁) ရက်နေ့တွင် ဘုရားတွင် သန့်ရှင်းရေးဆောင်ရွက်ပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top