အမြစ်လေးများပိုမိုသန်မာလာပါစေ

parenting-moral-story-676x284.jpg

တစ်ခါတုန်းက အိမ်နီးနားချင်းနှစ်ယောက်ရှိကြပါတယ်။ တစ်ယောက်ကတော့ အငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်ပြီးတော့ နောက်တစ်ယောက်တော့ နည်းပညာပိုင်းကိုစိတ်ဝင်စားတဲ့ အာမခံအေးဂျင့်တစ်ဦးလုပ်ခဲ့ဖူးသူတစ်ယောက်ပါ။ သူတို့နှစ်ယောက်လုံး သူတို့ရဲ့ပန်းခြံတွေထဲမှာ အပင်လေးတွေ အမျိုးမျိုးစိုက်ပျိုးကြပါတယ်။

အငြိမ်းစားကျောင်းဆရာကြီးက သူ့အပင်တွေကိုရေနည်းနည်းပဲပေးပြီးအမြဲတမ်းအာရုံစိုက် မကြည့်ပါဘူး။ ဒါပေမယ့် နည်းပညာကိုစိတ်ဝင်စားတဲ့ တစ်ဖက်ကအိမ်နီးချင်းကတော့ သူ့အပင်တွေကိုရေတွေ များများလောင်းပေး၊ သေချာဂရုတစိုက် ကြည့်ရှုနေခဲ့တာပေါ့။ အငြိမ်းစားဆရာကြီးရဲ့ အပင်တွေက ရိုးရိုးရှင်းရှင်းပေမယ့် ကြည့်လို့ ကောင်းပါတယ်။ အာမခံအေးဂျင့်ရဲ့ အပင်တွေကပိုမိုသန်စွမ်းပြီးပိုမိုစိမ်းလန်းပါတယ်။ တစ်နေ့ ညအချိန်အတွင်းမှာမုန်တိုင်းငယ်လေးတစ်ခုကြောင့် မိုးသက်လေပြင်းများကျရောက်ခဲ့ပါတယ်။ နောက်တစ်နေ့မနက် အိမ်နီးချင်းနှစ်ယောက်လုံးဟာသူတို့ပန်းခြံလေးရဲ့ အခြေအနေကို ကြည့်ရှုဖို့ ထွက်လာကြပါတယ်။ အာမခံအေးဂျင့်ဖြစ်သူရဲ့ အပင်လေးများဟာအမြစ်ကနေထွက်ပြီး လုံးဝကိုပျက်ဆီးသွားခဲ့ကြပေမယ့် အငြိမ်းစားဆရာကြီးရဲ့ အပင်တွေကတော့ ပျက်ဆီးခြင်းအလျင်းမရှိဘဲ ခိုင်မာမြဲမြံစွာ တည်ရှိနေဆဲဖြစ်နေပါတယ်။

ဒါကို မြင်လိုက်ရတဲ့ အာမခံအေးဂျင့်ကြီးက အလွန်အံ့ဩသွားပြီး အငြိမ်းစားဆရာကြီးထံကို ဒီလိုသွားရောက် မေးမြန်းပါတော့တယ်။ “ကျုပ်တို့နှစ်ယောက်လုံးအတူတူအပင်စိုက်ခဲ့ကြတယ်။ အမှန်တကယ်ဆို ခင်ဗျားအပင်တွေကို ခင်ဗျားဂရုစိုက်တာထက်ပိုပြီး ကျုပ်က ကျုပ်ရဲ့အပင်တွေကိုဂရုတစိုက်ရှိခဲ့တယ်။ ရေတွေတောင်မှ များများလောင်းပေးခဲ့တယ်။ ဒါပေမယ့် ကျုပ်အပင်တွေကတော့ အမြစ်ကနေ ပြုတ်ထွက်ကုန်ပြီးခင်ဗျားအပင်တွေကဘာမှမဖြစ်ခဲ့ဘူး။ ဒါဘယ်လိုများ ဖြစ်ရတာလဲ။” လို့မေးတော့ အငြိမ်းစားစရာကြီးက ပြုံးပြုံးလေးနဲ့ ဒီလို ပြန်ပြောလိုက်ပါတယ်။

“ခင်ဗျားကခင်ဗျားရဲ့အပင်တွေကိုပိုပြီးဂရုစိုက်ခဲ့တယ်။ အဲဒီတော့ အပင်လေးတွေကသူတို့ဘာသာသူတို့ အလုပ်လုပ်ဖို့ မလိုခဲ့ဘူး။ သူတို့အတွက် အဆင်ပြေလွယ်ကူအောင် ခင်ဗျားကလုပ်ပေးတယ်။ ငါကတော့ ငါ့အပင်တွေကိုရေကိုအလုံအလောက်ပဲပေးပြီး သူတို့ဘာသာအမြစ်တွေနဲ့ ထပ်လိုတဲ့ ရေတွေကိုရှာဖွေစေတယ်။ အဲဒါကြောင့် သူတို့အမြစ်တွေကပိုနက်ပြီး ပိုသန်မာတောင့်တင်းကြတယ်။ ဒါကြောင့် ငါ့အပင်တွေက ရှင်ကျန်ခဲ့တာပေါ့ကွာ” လို့ ပြန်ဖြေလိုက်ပါတယ်။ ဒီပုံပြင်လေးကပေးတဲ့ သင်ခန်းစာကတော့ အပင်လေးတွေနဲ့ တူတဲ့ ကလေးတွေကိုအုပ်ထိန်းခြင်းနဲ့ပတ်သက်ပါတယ်။ တကယ်လို့သာကလေးတွေကိုအရာအားလုံး ဖြည့်ဆည်းပေးနေမယ်ဆိုရင် ဒီလိုအရာတွေ ရရှိလာစေဖို့အတွက် ပင်ပန်းစွာလုပ်ဆောင်ရတယ်ဆိုတာကို နားလည်ကြတော့မှာမဟုတ်ပါဘူး။ ကလေးတွေကိုယ်တိုင် အလုပ်လုပ်ဖို့ သင်ယူခြင်းမရှိတော့သလို အလုပ်ကိုလေးစားမှုလည်း ရှိတော့မှာမဟုတ်ပါဘူး။ တစ်ခါတလေသူတို့လိုချင်တဲ့အရာကိုပေးလိုက်မယ့် အစားအဲဒါကိုရအောင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ လမ်းညွှန်ပြောပြပေးတာအကောင်းဆုံးဖြစ်ပါတယ်။ လမ်းလျှောက်တဲ့ နည်းလမ်းကိုသင်ပြပေးရပေမယ့် လမ်းကိုတော့ သူတို့ကိုယ်တိုင်ပဲလျှောက်လှမ်းကြပါစေ။

Ref : Knowledge : Keeping the roots stronger

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top