အပြေးလေ့ကျင့်ခန်း လုပ်သင့်ကြောင်း ပြသနေတဲ့ အဓိက အကြောင်းရင်း (၆) ခု

Woman-running-india-lets-get-started-840x480.jpg

ပြေးတယ်ဆိုတာ ပန်းဝင်ရမယ့်စည်းဆီ ရောက်အောင် မြန်နိုင်သမျှ မြန်မြန်ပြေးဖို့ပဲလို့ တချို့လူတွေက မြင်တတ်ကြပါတယ်။ တချို့လူတွေအတွက်ကတော့ ဒါဟာ လေ့ကျင့်ခန်း နည်းစနစ် တစ်မျိုးပဲ ဖြစ်ပါတယ်။ အပြေးလေ့ကျင့်ခန်း လုပ်ဖို့ ရေရာတဲ့ အကြောင်းပြချက်တွေကလည်း ရှိနေပြီး ဒီအချက်တွေကို သင်သိလိုက်တာနဲ့ သင့်ရဲ့ အဓိကကျ လေ့ကျင့်ခန်းအဖြစ်တောင် သတ်မှတ်ပြီး လေ့ကျင့်ဖြစ်သွားပါလိမ့်မယ်။ ဘယ်လိုအချက်တွေများလဲ ကြည့်လိုက်ရအောင်ပါ…။

၁။ ပိုပြီးပျော်ရွှင်လာစေမယ်

လေ့လာမှုတွေအရ အပြေးလေ့ကျင့်စက်ပေါ်မှာ နာရီဝက်စာလောက်လေး ပြေးလိုက်တာက စိတ်ကျဝေဒနာနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေကို ချက်ချင်း သက်သာသွားစေတယ်လို့ ဆိုထားပါတယ်။ တကယ်လို့ အပြင်တစ်နေရာရာမှာ ပြေးမယ်ဆိုရင်တော့ လေကောင်းလေသန့်ကို ရှုရှိုက်ရင်း သာယာလှပတဲ့ ပတ်ဝန်းကျင် မြင်ကွင်းတွေကိုပါ ခံစားနိုင်တာကြောင့် သင့်ကို နှစ်ဆလောက် ပိုပြီး ပျော်ရွှင်စေနိုင်မှာပါ။

၂။ ကြံ့ခိုင်နေစေမယ်

ပြေးခြင်းဟာ ကယ်လိုရီတွေကို လောင်ကျွမ်းသွားစေဖို့ အကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ ပြေးပြီးတဲ့ အချိန်မှာတောင် ကယ်လိုရီတွေက အချိန် အတိုင်းအတာ တစ်ခုထိ ဆက်လက် လောင်ကျွမ်းနေနိုင်ပြီး ပုံမှန် ပြေးလေ့ရှိသူတွေမှာဆို ဒါက ပိုပြီးသိသာပါတယ်။ ပြေးခြင်းက အဆုတ်တွေ၊ နှလုံးနဲ့ သွေးကြောတွေရဲ့ ကျန်းမာမှုအတွက်လည်း ကောင်းမွန်တဲ့ လေ့ကျင့်ခန်း တစ်မျိုးပါ။ စပြေးပြေးချင်းမှာ ခဏလေးနဲ့ မောပမ်ဟိုက် ထိုးသွားတာမျိုးကို ဘယ်သူမဆို ခံစားရဖူးမှာဖြစ်ပြီး လေ့ကျင့်သားပြည့်လာတဲ့အခါမှာတော့ သင့်ရဲ့ ခန္ဓာကိုယ်က ဒီလို မောပမ်းမှုကို မျှတအောင် ထိန်းချုပ်တတ်လာမှာ ဖြစ်ပါတယ်။

၃။ အရိုးအဆစ်တွေကို ကြံ့ခိုင်စေတယ်

ပြေးတဲ့အခါ ခန္ဓာကိုယ်က အဂါၤ အစိတ်အပိုင်းတွေများစွာ ပေါင်းစပ် လှုပ်ရှားရပါတယ်။ ခြေထောက်က ကြွက်သားတွေနဲ့ အရိုးတွေကတော့ ပိုပြီးအဓိကကျတဲ့ အစိတ်အပိုင်းတွေပါပဲ။ ပြေးတဲ့အခါ အဆစ်တွေပေါ်ကို သက်ရောက်လိုက်တဲ့ ဖိအားက အဆစ်တွေကြားက အရည်စီးဆင်းမှုကို ပိုလို့ ကောင်းမွန်စေပါတယ်။ ခြေထောက် ကြွက်သားတွေကို သန်မာစေပြီး ဒူးဆစ်တွေရဲ့ ခံနိုင်ရည်ကို တိုးမြင့်လာစေပါတယ်။ မှန်ကန်တဲ့ နည်းစနစ်တွေနဲ့ ပြေးခြင်းက အရိုး ကြံ့ခိုင်မှုကို တိုးတက်စေတဲ့အပြင် အရိုး ကြံ့ခိုင်မှု အားနည်းတာကိုလည်း မဖြစ်စေနိုင်တော့ပါဘူး။

၄။ အရွယ်တင်နုပျိုလာမယ်

စပြီးပြေးဖြစ်ပြီဆိုတာနဲ့ အသက်အရွယ်ဆိုတာကို ကိန်းဂဏန်း သတ်မှတ်ချက် တစ်မျိုးလို့ မြင်လို့ရသွားပါပြီ။ ပြေးခြင်းက နှလုံးနဲ့သက်ဆိုင်တဲ့ လေ့ကျင့်ခန်းဖြစ်လို့ ပုံမှန် လေ့ကျင့်သွားမယ်ဆိုရင် ကျန်းမာရေး ကောင်းမွန်ပြီး သွေးကြော အရွယ်အစားနဲ့ အရေအတွက် တိုးပွားလာမှုတွေနဲ့အတူ နုပျိုတဲ့ အသားအရေကိုလည်း ပိုင်ဆိုင်လာမှာပါ။ ကယ်လိုရီ လောင်ကျွမ်းစေတဲ့ အကျိုးကြောင့်လည်း ချပ်ရပ်တဲ့ ဝမ်းဗိုက်ပုံစံကို ရလာနိုင်မယ့်အပြင် တကယ်ကို နေလို့ထိုင်လို့ ကောင်းလာပါလိမ့်မယ်။

၅။ ကင်ဆာရောဂါ ခံစားရနိုင်ချေကို လျှော့ချပေးတယ်

ပြေးတာက ကင်ဆာရောဂါအတွက် ကုထုံးတစ်ခုတော့ မဟုတ်ပေမဲ့ ပုံမှန် အပြေးလေ့ကျင့်တာကတော့ ကင်ဆာရောဂါ အမျိုးအစားတချို့ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးနိုင်တဲ့ အချက်နဲ့ ဆက်စပ်လို့ နေပါတယ်။ ဓာတုကုထုံးသုံးပြီး ကုသနေရတဲ့ ကင်ဆာ ရောဂါသည်တွေရဲ့ ရောဂါ ခံနိုင်ရည်ဟာလည်း ပြေးခြင်းကြောင့် တိုးတက်လာနိုင်ပါတယ်။ အုပ်စုလိုက် အပြေးလေ့ကျင့်တတ်သူတွေအဖို့တော့ ပြေးဖော်ပြေးဖက်တွေနဲ့ စကားစမြည် ပြောဆိုနိုင်တာကြောင့် ကျန်းမာရေး အခက်အခဲတွေကြောင့် စိတ်ဖိစီးနေရမှုကို လျော့ပါး သက်သာသွားစေပါတယ်။

၆။ နှလုံးရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပိုကောင်းမွန်လာစေတယ်

နှလုံးရဲ့ လုပ်ဆောင်နိုင်စွမ်း တိုးတက်လာစေဖို့အတွက် သင့်တင့်တဲ့ အားစိုက်ထုတ်မှု၊ သက်တောင့်သက်သာ အနေအထားလောက်နဲ့ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းဆိုပေမဲ့လည်း လေ့လာမှုတွေကတော့ ကျွန်တော်တို့အနေနဲ့ တစ်ကြိမ်ပြေးရင် မိနစ် ၃၀ နဲ့ တစ်ပတ်ကို ၅ ကြိမ် အနည်းဆုံး ပြေးသင့်တယ်လို့ အကြံပြုထားပါတယ်။ အမြင့်ဆုံး ကျန်းမာရေး အကျိုးကျေးဇူးကို ရချင်တယ်ဆိုရင်တော့ သင့်တင့်တဲ့ အားစိုက်ထုတ်မှုထက် ပိုတဲ့ပုံစံ (ပြေးနေရင်း သီချင်းဆိုနိုင်၊ အဖော်နဲ့ စကားပြောလို့ရနိုင်သေးတဲ့ အနေအထား) ထိ တိုးမြှင့် လေ့ကျင့်ပေးဖို့ လိုအပ်မှာပါ။

ကဲ…ဒီလောက်ဆို ပြေးသင့်တဲ့အကြောင်းရင်းတွေကို အစုံအလင်သိသွားပြီလို့ ထင်ပါတယ်…ဒီတော့ အပြေးလေ့ကျင့်တဲ့ ဖိနပ်ကို ဖုန်သုတ်ပြီး အခုပဲ အပြေးလေ့ကျင့်ဖို့ ထွက်လိုက်ရအောင်…။

Ref: samitivej hospital “6 Great Reasons to Make Running a Part of Your Life”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top