ကလေးတွေဟာ မိခင်နို့ကနေတဆင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်သလား

18-9-2020-yyl-001.jpg

ကလေးတွေဟာ မိခင်နို့ကနေတဆင့် ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်သလား (ဒါမှမဟုတ်) မကူးစက်နိုင်ဘူးလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး မကြာသေးခင်ကမှ သုတေသီတွေက လေ့လာစမ်းသပ်ချက်တွေပြုလုပ်ခဲ့ကြပါတယ်။ လေ့လာချက်ကတော့ ကလေးတွေက မိခင်နို့ကနေတဆင့် ကိုဗစ်-၁၉ ရောဂါမကူးစက်နိုင်ဘူးလို့ ဆိုထားပါတယ်။

University of California San Diego School of Medicine နဲ့ University of California Los Angeles တွေက သုတေသီတွေက အဲဒီလေ့လာချက်ကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရတဲ့ ကလေးမိခင် (၁၈) ဦးဆီက Mommy’s Milk Human Milk Research Biorepository စုဆောင်းခဲ့တဲ့ နို့ရည် နမူနာ (၆၄) ခုကို လေ့လာစမ်းသပ်ခဲ့ကြတာပါ။ နမူနာတစ်ခုက ပရိုတိန်းမော်လီကျုး (RNA) အတွက် ပိုးတွေ့ရှိခဲ့ပေမယ့် နောက်ဆက်တွဲစမ်းသပ်မှုတွေမှာ ဗိုင်းရပ်စ်က ပုံစံတူပွားလို့မနိုင်တာကို တွေ့ရှိခဲ့ရတဲ့အတွက် မိခင်နို့သောက်နေရတဲ့ ကလေးတွေမှာ ရောဂါပိုးမကူးစက်နိုင်ဘူးလို့ ဆိုပါတယ်။

“ကျွန်မတို့လေ့လာချက်မှာတော့ မိခင်နို့က ကလေးတွေမှာ ရောဂါပိုးကူးစက်နိုင်တဲ့ အရင်းအမြစ်မဟုတ်ပါဘူး” လို့ UC San Diego School of Medicineရဲ့ပရောဖက်ဆာ ခရစ်တီနာ ချန်ဘာက ပြောပါတယ်။ နို့ရည်ယူတဲ့အချိန် ရောဂါကူးစက်မှုကို ကာကွယ်နိုင်ဖို့အတွက် လက်ရှိထောက်ခံချက်ပေးထားတာကတော့ လက်ကို သန့်စင်အောင်ဆေးကြောဖို့နဲ့ နို့ဗူးထဲ နို့ရည်ထည့်တဲ့ ပစ္စည်းတို့ကိုအသုံးပြုတိုင်း သန့်စင်ပေးဖို့ပါပဲ။ “ဒေတာတွေက မသေချာမှာဆိုးတဲ့ ကိုဗစ်ရောဂါပိုးရှိတဲ့တချို့အမျိုးသမီးတွေက ကလေးတွေကို လုံးဝနို့ရည်မတိုက်တော့ပါဘူး။ ကျွန်မတို့ရဲ့ရလဒ်နဲ့ နောက်ထပ်လေ့လာချက်တွေဟာ အမျိုးသမီးတွေကို သူတို့ရဲ့ကလေးတွေကို စိတ်ချလက်ချနို့ရည်တိုက်ကျွေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လူသားတွေရဲ့နို့ရည်က ကလေးနဲ့မိခင်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကောင်းကျိုးတွေထောက်ပံ့ပေးပါတယ်”လို့ Division of Infectious Diseases at UCLA Mattel Children’s Hospital ခေါင်းဆောင် ဂရေ့စ် အယ်ထရိုဗန်ဒီက ပြောပါတယ်။

ကလေးကို မိခင်နို့ စောစီးစွာတိုက်ကျွေးပေးမယ်ဆိုရင် ရုတ်တရက်မွေးကင်းစကလေးသေဆုံးနိုင်ချေနဲ့ ကလေးတွေမှာဖြစ်တတ်တဲ့ အဝလွန်ရောဂါဖြစ်နိုင်ချေကိုလည်း လျော့ချပေးနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း တိုးလာစေနိုင်ပါတယ်။ ဉာဏ်ရည်စမ်းသပ်ချက်တွေမှာလည်း ကောင်းကောင်းစွမ်းဆောင်နိုင်ပါတယ်။ မိဘတွေက ကလေးကို နို့တိုက်ကျွေးပေးမယ်ဆိုရင် ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်နိုင်ချေ နည်းပါးတာနဲ့ ဆက်စပ်မှုရှိတယ်လို့လည်း သိရပါတယ်။

ရောဂါပိုးကူးစက်မခံထားရတဲ့ အလှူရှင်နှစ်ဦးဆီက နို့ရည်နမူနာထဲကို SARS-CoV-2 ကို ထည့်သွင်းခြင်းအားဖြင့် နို့ရည်အလှူဘဏ်မှာ အသုံးပြုလေ့ရှိတဲ့ Holder Pasteurization လုပ်ငန်းစဉ်ရဲ့အခြေအနေတွေကိုလည်း သုတေသီတွေက တုပလုပ်ဆောင်ခဲ့ကြပါတယ်။ နို့နမူနာတွေကို ၆၂.၅ ဒီဂရီ ဆဲလ်စီယပ်နဲ့ မိနစ် (၃၀) လောက် အပူပေးခဲ့ပြီး အဲဒီနောက် (၄) ဒီဂရီ ဆဲလ်စီယပ်နဲ့ အအေးခံခဲ့ပါတယ်။ နို့ရည်ကို အပူပေးပိုးသတ်သန့်စင်တဲ့ လုပ်ငန်းစဉ်ပြီးတဲ့နောက်မှာ ဗိုင်းရပ်စ်ပိုးကို ဘယ်နမူနာတွေမှာမှ မတွေ့ရှိခဲ့ရဘူးလို့ ဆိုပါတယ်။ မိခင်နို့ရည်က ဗိုင်းရပ်စ်ကင်းစင်လား၊ ဗိုင်းရပ်စ်တွန်းလှန်နိုင်တဲ့ဓာတ်ပါဝင်လားဆိုတာကို နောက်ထပ်လေ့လာသွားမယ်လို့ ခရစ်တီနာက ပြောပါတယ်။

Ref: TimesofIndia “Study suggests COVID-19 cannot be transmitted through breast milk”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top