ကိုယ်ပိုင် ကျန်းမာရေး အာမခံကို ကျောင်းသား ဆေးကုသမှုအတွက် သုံးမိလို့ အဖမ်းခံရတဲ့ ကျောင်းအုပ်

5b5beb127627cimage.jpg

အင်ဒီးယာနာပြည်နယ်က ကျောင်းအုပ်တစ်ဦးဟာ နေမကောင်းတဲ့ ကျောင်းသားတစ်ဦး ဆေးဝါးကုသမှု ခံရဖို့အတွက် သူ့ရဲ့ ကျန်းမာရေး အာမခံကို အသုံးပြုခဲ့တာကြောင့် အဖမ်းခံခဲ့ပြီး အာမခံ လိမ်လည်မှု တရားစွဲခံခဲ့ရပါတယ်။

အင်ဒီးယာနာပိုလစ် (Indianapolis) ရဲ့မြောက်ဘက် ၄၅ မိုင်အကွာက Elwood Community ကျောင်းရဲ့ ကျောင်းအုပ်ဖြစ်တဲ့ ကေစီ စမစ်သာမန်း (Casey Smitherman) ဟာ အာမခံ လိမ်လည်မှု၊ အထောက်အထား လိမ်လည်မှုစတဲ့ ပြစ်မှုတွေအတွက် တရားစွဲခံခဲ့ရတာပါ။ နောက်တော့ သူ(မ) ကို အာမခံငွေ ဒေါ်လာ ၅၀၀ ဆောင်ပြီးနောက် ပြန်လွှတ်ပေးခဲ့ပါတယ်။

စမစ်သာမန်းဟာ ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦး ကျောင်းပျက်တာကို သတိထားမိခဲ့လို့ အဲဒီကျောင်းသားဆီ သွားရောက်တဲ့အခါမှာ လည်ချောင်း ရောင်ရမ်းပြီး နာကျင်တဲ့ ဝေဒနာ ခံစားနေရတာကို သိလိုက်ရပါတယ်။ နေမကောင်းဖြစ်နေတဲ့အတွက် ဆေးခန်းသွားတဲ့အခါလည်း ကျောင်းသားက အသက် ၁၈ နှစ်အောက် ဖြစ်နေတဲ့အပြင် စမစ်သာမန်းက အုပ်ထိန်းသူ မဟုတ်တာကြောင့် ဆေးခန်း မပြခဲ့ရပါဘူး။

ဒါကြောင့် သူ(မ)ဟာ သူ့ကျောင်းသားကို တခြား ဆေးခန်းကို ခေါ်သွားပြီး သူ(မ)သားရဲ့ နာမည်နဲ့ ဆေးခန်းပြစေခဲ့ပါတယ်။ ထို့နောက် သူ(မ)ဟာ ကျောင်းသားအတွက် ပိုးသတ်ဆေး ရယူနိုင်အောင် ဆရာဝန် လက်ရေးနဲ့ ဆေးစာဖြည့်ပြီးတော့ သူ(မ)သားဖြစ်သူ နာမည်ကိုပါ ဖြည့်ခဲ့တယ်လို့ တရားရုံး အချက်အလက်တွေအရ သိရပါတယ်။

‘ကျွန်မလည်း မိဘတစ်ယောက်ဖြစ်တာမို့ လည်ချောင်း ရောင်ရမ်းပြီး နာကျင်နေတာကို မကုသဘဲ ထားလိုက်ရင် နေမကောင်းအရမ်းဖြစ်တော့မယ်ဆိုတာ သိပါတယ်… ဒါကြောင့်လည်း ကျွန်မကျောင်းသားကို ဆေးခန်းဆီ အရေးပေါ် ခေါ်သွားမိတာပါ’ လို့ ပြောပါတယ်။ ဒါပေမဲ့ ကျောင်းသားက သူ(မ)ရဲ့ အပြုအမူတွေ တရားမဝင်တာကို သိနေခဲ့ပြီး ဆေးဘူး ပုလင်းအောက်မှာ ရေးထားတဲ့ နာမည်စာရွက်ကို ဖြဲပစ်ခဲ့ပါတယ်။

‘ကလေးက အရမ်းနေမကောင်းဖြစ်နေတာမို့လို့ ကလေးအတွက် ဆေးပဲယူပေးဖို့ ကြိုးစားခဲ့မိတာပါ … ဒီလို လုပ်မိတာဟာ အမှားတစ်ခု ဖြစ်ရင်ဖြစ်နေမယ်။ ဒါပေမဲ့ အဲဒီအချိန်မှာတော့ ဒီလိုလုပ်ဖို့ကလွဲပြီး ကျန်တာ ဘာမှမသိတော့ပါဘူး’ လို့ စမစ်သာမန်းက ဆိုပါတယ်။

ကျောင်းသားကို စောင့်ရှောက်ရေးဂေဟာမှာပဲ ထားမှာစိုးတဲ့အတွက် ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ကို မဆက်သွယ်ခဲ့မိပါဘူး။ အဲဒီ ကျောင်းသားဟာ သူ့မိဘတွေနဲ့ အိမ်မှာ အတူနေထိုင်တာ မဟုတ်ဘဲ ဆွေမျိုးတွေရဲ့ စောင့်ရှောက်မှုအောက်မှာပဲ နေထိုင်တာလို့ ရှေ့နေက ပြောပါတယ်။

ကျောင်းဘုတ်အဖွဲ့ဝင် ဥက္ကဌကတော့ ‘ဒေါက်တာစမစ်သာမန်းကို ကျောင်းအုပ် ခန့်အပ်ပြီးကတည်းက Elwood Community ကျောင်းက ကျောင်းသားတွေအားလုံးအတွက် ကြိုးကြိုးစားစားနဲ့ အကောင်းဆုံး အလုပ် လုပ်ခဲ့ပါတယ်… သူ(မ) မမျှော်လင့်ဘဲ အမှားတစ်ခု လုပ်လိုက်မိတာပါ။ ဒါပေမဲ့ ဒါဟာလည်း ကလေးအတွက် စိုးရိမ်ပူပန်ပြီး ဖြစ်သွားတယ်ဆိုတာ ကျွန်တော်တို့ နားလည်နိုင်ပါတယ်’ လို့ ပြောကြားခဲ့ပါတယ်။

Ref: www.time.com “School Superintendent Arrested After Using Her Health Insurance to Get Treatment for Sick Student ”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top