ကားဈေးတက်မှ လူလည်ကျတဲ့ ကားအရောင်းပြခန်းကို ကောင်းကောင်းပညာပေးခဲ့သူ

24.4.24-yyl-၆.jpg

သူ စရံချထားပြီးသား ကားကို ရောင်းမပေးရင် ကားအရောင်းပြခန်းထဲကနေ ထွက်မသွားဘူးလို့ ဆန္ဒပြခဲ့တဲ့ အာဂျင်တီးနားအမျိုးသားတစ်ယောက်ရဲ့ သတင်းက လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ မြင်းမွေးမြူရေးသမား အူဆန်ဒီဗာရက်စ်ဟာ မနှစ်တုန်းက ထရပ်ကားသစ်တစ်စီးဝယ်ဖို့ ဗျူနိုအေရိစ်မြို့မှ ကားအရောင်းပြခန်းကို ရောက်လာခဲ့ပါတယ်။ သူ ကြိုက်တဲ့ကားကို တွေ့တော့ သူ့ကားအဟောင်းကို ရောင်းပြီး စရံ ချခဲ့တာပါ။

၃ လအတွင်း အပြီးသတ်ငွေချေဖို့ ဆက်သွယ်လိုက်မယ်လို့ ကားအရောင်းပြခန်းက ပြောခဲ့ပေမဲ့ အူဆန်ဒီဗာရက်စ်ထံ လုံးဝမဆက်သွယ်ခဲ့ပါဘူး။ ဧပြီလအစောပိုင်းမှာတော့ အူဆန်ဒီမာရက်စ်က သူ့မိသားစုကို ခေါ်ပြီး သူအရမ်းလိုချင်နေတဲ့ ထရပ်ကားသစ်ကို အပြီးသတ် ငွေချေဖို့ ပီဆိုငွေ ၁၃ သန်းယူကာ ဗျူနိုအေရိစ်မြို့ကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကားဈေး တက်သွားတယ်ဆိုပြီး ကားအရောင်းပြခန်းက သူ့ကို ကားမရောင်းတော့ဘူးလို့ ငြင်းဆန်ခဲ့တာပါ။

” ဒီလူတွေက ကျွန်တော့်ကို တောသားလို ဆက်ဆံတာဗျာ။ သူတို့ပဲ အကုန်သိ၊ အကုန်တတ်၊ အကုန်နားလည်တယ်၊ ကျွန်တော်က ဘာတစ်ခုမှ မသိသလိုပုံစံမျိုးပေါ့။ သူတို့က ဖုန်းနံပါတ် တစ်ခုပြီး တစ်ခု ပြောင်းပေးရင်း ဘောလီဘောပုတ်နေတာဗျ။ တကယ်တော့ သူတို့က ကိုယ်ပိုင်ငွေရင်းပြီး ကားကို ဝယ်ထားတာ မဟုတ်ဘူး။ ကျွန်တော် စရံချတော့မှ ကားကို လိုက်ရှာတာ။ သူတို့မှာ ကားမှ မရှိဘဲ ကားအရောင်းပြခန်း ဖွင့်ထားတာ။ စရံ မဆုံးချင်ရင် သူတို့ အတင်းထိုးရောင်းတဲ့ကားကို ယူဆိုတဲ့ပုံစံမျိုးပေါ့ဗျာ”လို့ အူဆန်ဒီဗာရက်စ်က ပြောပါတယ်။

ကားအရောင်းပြခန်းရဲ့ လုပ်ရပ်ကို မကျေနပ်တဲ့ အူဆန်ဒီဗာရက်စ်က သူ စရံချထားတဲ့ ကားကို ရအောင် လုပ်ပေးရင် ပေး၊ မပေးရင် သူ့စရံငွေ ပြန်ပေးဖို့ တောင်းဆိုခဲ့ပြီး မပေးမချင်း ကားအရောင်းပြခန်းထဲကနေ လုံးဝထွက်မသွားဘူးလို့ ဆန္ဒပြခဲ့တာပါ။ နောက်ဆုံးမှာ ရဲတွေပါ ရောက်လာပြီး ဒီအကြောင်းက ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ပါတယ်။ သတင်းစာတွေမှာလည်း သူ့အကြောင်းကို အကျယ်တဝင့် ဖော်ပြခဲ့ကြပါတယ်။

အဲဒီနောက်မှာ ကားအရောင်းပြခန်းက သူ့ကို စရံငွေ ပြန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မနှစ်တုန်းက သူ စရံချထားချိန် ငွေတန်ဖိုးဟာ အခုချိန်မှာ ငွေကြေးဖောင်းပွမှုကြောင့် တန်ဖိုးနည်းသွားပြီဖြစ်လို့ အူဆန်ဒီဗာရက်က မကျေနပ်ဘဲ တရားရုံးမှာ တိုင်ကြားဖို့ စီစဉ်နေပါတယ်။ အူဆန်ဒီဗာရက်အကြောင်း သတင်းပျံ့နှံ့သွားချိန်မှာ ကားအရောင်းပြခန်းတွေရဲ့လုပ်ရပ်အပေါ် မကျေနပ်ကြတဲ့ တခြားလူတွေကလည်း သူ့ကို ဆက်သွယ်ပြီး သူ့ရဲ့ဆန္ဒပြမှုကို ထောက်ခံတယ်လို့ အားပေးခဲ့ကြပါတယ်။

Ref:Man Barricades Himself Inside Car Dealership That Failed to Deliver Promised Truck

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top