မုတ်ဆိတ်မွေးမှာ ခရစ္စမတ်အဆင်တန်ဆာ ၇၁၀ ခုကို ချိတ်ဆွဲပြီး စံချိန်ချိုးခဲ့တဲ့ အမျိုးသား

22-12-2022-yyl-91.jpg

အိုင်ဒါဟိုပြည်နယ်က ဂျိုရယ် စထရက်ဆာဆိုတဲ့အမျိုးသားက သူ့ရဲ့မုတ်ဆိတ်မွေးမှာ ခရစ္စမတ်အဆင်တန်ဆာ ၇၁၀ ခုကို ချိတ်ဆွဲခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ဒီဇင်ဘာ ၂ ရက်နေ့က သူဟာ လူတစ်ယောက်ရဲ့မုတ်ဆိတ်မွေးမှာ ခရစ္စမတ်အဆင်တန်ဆာအများဆုံးချိတ်ဆွဲနိုင်တဲ့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို ချိုးခဲ့ပါတယ်။ သူ့မုတ်ဆိတ်မွေးမှာ ချိတ်ဆွဲခဲ့တဲ့ ခရစ္စမတ်အဆင်တန်ဆာ (၇၁၀) ခုက အရွယ်အစား၊ အရောင်အမျိုးမျိုးပါပဲ။

စထရတ်ဆာနဲ့ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက မုတ်ဆိတ်မွေးမှာ အဆင်တန်ဆာချိတ်ဆွဲပြတဲ့ ဗီဒီယိုတစ်ခုလည်း တင်ပေးခဲ့ပါတယ်။ မုတ်ဆိတ်မွေးမှာ ခရစ္စမတ်အဆင်တန်ဆာတွေချိတ်ဆွဲဖို့ ၂ နာရီခွဲကျော် အချိန်ယူခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကစပြီး သူ့ရဲ့မုတ်ဆိတ်မွေးမှာ အဆင်တန်ဆာတွေချိတ်ဆွဲဖြစ်ခဲ့တာပါ။ အဲဒီကတည်းက ဒီဇင်ဘာလရောက်တိုင်း သူ့ရဲ့အရင်စံချိန်တွေထက်ပိုကောင်းအောင် လုပ်ဖြစ်ခဲ့ပါတယ်။

စထရက်ဆာက သူ့ရဲ့မုတ်ဆိတ်မွေးမှာ အခြားအရာတွေချိတ်ဆွဲတဲ့ ကမ္ဘာ့ဂင်းနက်စ်စံချိန်တွေကိုလည်း ချိုးခဲ့ဖူးပါတယ်။ မုတ်ဆိတ်မွေးမှာ စက္ကူပိုက် (၅၃၄) ခု၊ တူ အချောင်း (၅၂၀)၊ သွားကြားထိုးတံ အချောင်း (၃၅၀၀) နဲ့ ဂေါက်သီးတင်တဲ့ တီချောင်း (၆၀၇) ခု ချိတ်ဆွဲခဲ့တာပါ။

စထရက်ဆာက စံချိန်အများကြီးချိုးခဲ့တဲ့အတွက် ကမ္ဘာ့ဂင်းနက်စ်စံချိန်က ၂၀၂၃ ခုနှစ်ရဲ့ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းစာအုပ်ရဲ့မျက်နှာဖုံးမှာ သူ့ရဲ့ကာတွန်းရုပ်ပြောင်လေးကို ထားဖို့တောင် ဆုံးဖြတ်ခဲ့ပါတယ်။ စထရက်ဆာက သူ့ရဲ့မုတ်ဆိတ်မွေးနဲ့ ကမ္ဘာ့ဂင်းနက်စ်စံချိန်အများကြီး ဆက်ပြီးချိုးဖို့ စီစဉ်ထားပါတယ်။

Ref: Metro “Man breaks beard bauble record by wearing 710 Christmas ornaments”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top