အီရန်နဲ့ ဆက်ဆံရေးတင်းမာနေချိန်မှာ နျူကလီးယားစွမ်းအင်သုံး အမေရိကန်ရေငုပ်သင်္ဘောက ဟော်မုဇ်ရေလက်ကြားက ဖြတ်သန်း

22-12-2020-yyl05.jpg

အီရန်နိုင်ငံနဲ့ ဆက်ဆံရေးတင်းမာနေချိန်မှာ အမေရိကန်ရေတပ်ရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော (USS Georgia)က အမေရိကန်စစ်သင်္ဘောနှစ်စင်း ခြံရံပြီး ပြီးခဲ့တဲ့တနင်္လာနေ့က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့တယ်လို့ အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။
နျူကလီးယားစွမ်းအင် အသုံးပြုပြီး ချိန်ကိုက်ဒုံးကျည် တပ်ဆင်ထားတဲ့ Ohio အမျိုးအစား USS Georgia (SSGN 729) ရေငုပ်သင်္ဘောက ချိန်ကိုက်ဒုံးကျည်တပ် ခရုဇာစစ်သင်္ဘောတွေဖြစ်တဲ့ USS Port Royal (CG 73) ၊ USS Philippine Sea (CG 58) တွေ ခြံရံပြီး ဒီဇင်ဘာလ ၂၁ ရက်က ဟော်မုဇ်ရေလက်ကြားကနေ အာရေဘီယံပင်လယ်ကွေ့ ( ပါရှန်းပင်လယ်ကွေ့)ထဲကို ဝင်ရောက်ခဲ့တာလို့ အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်နိုင်ငံကြား ဆက်ဆံရေးတင်းမာနေချိန်မှာ USS Georgia ရေငုပ်သင်္ဘောက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့တာပါ။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာရှိတဲ့ အမေရိကန်သံရုံးဝန်းကို အမြောက်ဆန် ကျရောက်ခဲ့တဲ့ တိုက်ခိုက်မှုဟာ အီရန်နိုင်ငံ ထောက်ပံ့ပေးထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ရဲ့လက်ချက်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြစ်တင်ခဲ့ပါတယ်။

အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်ကြီး ဆိုလေမာနီ လုပ်ကြံသတ်ဖြတ်ခံရတဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်မှာ အီရန်နိုင်ငံက အမေရိကန်နိုင်ငံကို ပစ်ခတ်တိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန်အရာရှိတချို့က စိုးရိမ်ပူပန်နေကြပါတယ်။ အမေရိကန်ရေတပ်က နျူကလီးယားရေငုပ်သင်္ဘောရဲ့ လှုပ်ရှားမှုကို လူသိရှင်ကြား ကြေညာခဲ့တာ ကြုံတောင့်ကြုံခဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က အမေရိကန်ရေတပ်ရဲ့ ကြေညာချက်မှာ USS Georgia ရေငုပ်သင်္ဘောက Tomahawk ခရုဇ်ဒုံးကျည် ၁၅၄ စင်း တင်ဆောင်နိုင်စွမ်းရှိတယ်ဆိုတာကိုပါ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဘဂ္ဂဒက်မြို့ International Zone ထဲကို အမြောက်ဆန် ၈ ခု ကျရောက်ခဲ့ပြီး အမေရိကန်သံရုံးနားက လူနေထိုင်ရာ နေရာမှာ အဆောက်အအုံတွေ၊ ကားတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါပေမဲ့ သံရုံးဝန်ထမ်း တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိပါဘူး။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ မိုက်ပွမ်ပီယိုရဲ့ ပြောကြားချက်ကို ရှုတ်ချခဲ့ပြီး ဘဂ္ဂဒက်မြို့ International Zone ထဲမှာ အီရန်သံရုံးလည်း ရှိတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Ref: CNN ” US Navy sails nuclear submarine through Strait of Hormuz”
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top