တေးရေးဆရာ မင်းချစ်သူ ရေးပြီး ဦးညီထွဋ်ဆိုတဲ့ ကန္တာရရဲ့ ခရီးသည်သီချင်းထဲက ” ငါသေတော့ ဘယ်သူ ငိုမှာလဲ” ဆိုတဲ့ စာသားလိုပေါ့။ ကိုယ်သေတဲ့အခါ ဘယ်သူတွေ ဝမ်းနည်းပူဆွေးကြမလဲ၊ ဘယ်သူတွေက ကိုယ့်ကိုယ် သတိတရ ရှိနေကြလဲလို့ သိချင်ကြသူတွေ ရှိပါတယ်။
ဘရာဇီးနိုင်ငံသား လီမို့စ်ကလည်း သူ သေရင် သူ့ဈာပနကို ဘယ်သူတွေ လာကြမလဲဆိုတာ သိရအောင် သူ သေသွားပြီလို့ သတင်းမှား လွှင့်ခဲ့တယ်။ အသက် ၆၀ အရွယ်ရှိတဲ့ လီမို့စ်က အခမ်းအနားအမျိုးမျိုး စီစဉ်ဆောင်ရွက်သူပါ။ ဈာပနအခမ်းအနားတွေလည်း ရာချီ စီစဉ်ပေးခဲ့ဖူးတယ်။ တချို့ဈာပနတွေမှာ လူ ၂ယောက်၊ ၃ ယောက်၊ တချို့ဈာပနတွေကျတော့လည်း လူ ၄၀၀၊ ၅၀၀ ရှိကြတယ်။ ဒါကြောင့် သူ့ဈာပနမှာ ဘယ်သူတွေ လာမလဲဆိုတာ သိချင်စိတ် ဖြစ်လာခဲ့တာပါ။
ဇန်နဝါရီလ ၁၀ ရက်က လီမို့စ်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ” စိတ်မကောင်းဖြစ်စရာ ဒီနေ့လယ်ခင်းမှာပဲ လီမို့စ်က ကျွန်တော်တို့ကို ချန်ထားခဲ့ပါပြီ။ သတင်းထပ်ထုတ်ပြန်ပေးပါမယ်” လို့ တင်ခဲ့တာပါ။ အဲဒီနေ့ မတိုင်ခင် လီမို့စ်က ဆော်ပေါ်လိုမြို့က အဲလ်ဘတ်အိုင်းစတိုင်း ဆေးရုံမှာ ရိုက်ထားတဲ့ ဓာတ်ပုံကို တင်ခဲ့လို့ အားလုံး စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ လီမို့စ်ရဲ့ မိသားစုဝင်တွေတောင် သူ့ အကြံအစည်ကို မရိပ်မိခဲ့ကြပါဘူး။ ဇန်နဝါရီလ ၁၈ ရက်မှာတော့ သူ့ဈာပနအတွက် လီမို့စ်ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေက ကူရီတီဘာမြို့က ဝတ်ပြုကျောင်းလေးမှာ စုဝေးခဲ့ကြပါတယ်။ မကြာခင်မှာပဲ အသံချဲ့စက်ကနေ လီမို့စ်ရဲ့အသံထွက်လာခဲ့ပြီး (မသေခင် အသံသွင်းထားတာ ထင်ကြတဲ့အတွက်) ဈာပန ပို့ဆောင်သူတွေက ငိုကြွေးခဲ့ကြပါတယ်။
အဲဒီနောက်မှာ ဝတ်ကျောင်းဆောင် တံခါးပွင့်လာပြီး လီမို့စ် ထွက်လာလို့ ပါးစပ်အဟောင်းသား ဖြစ်သူဖြစ်၊ ဝမ်းသာလို့ ငိုသူငို ဖြစ်ခဲ့ကြပါတယ်။ လီမို့စ်ရဲ့အကြောင်းက လူမှုကွန်ရက်မှာ အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့ပြီး မီဒီယာတွေက လီမို့စ်ရဲ့ ရည်ရွယ်ချက်ကို မေးမြန်းခဲ့ကြပါတယ်။ လီမို့စ်ကတော့ လူတွေ ဝမ်းနည်းစေဖို့ ရည်ရွယ်တာ မဟုတ်ဘူးလို့ ရှင်းပြပေမဲ့ တချို့တွေကတော့ သူ့ကို ခွင့်မလွှတ်နိုင်အောင် ဖြစ်ခဲ့ကြပါတယ်။
လီမို့စ်ရဲ့မိခင်က ဘီးတပ်ကုလားထိုင် အသုံးပြုနေရတဲ့ အသက် ၈၀ အရွယ် အမျိုးသမီးကြီးဖြစ်ပြီး သူ့သားသတင်းကြားတာနဲ့ နှလုံးရောဂါဖောက်ပြီး သေသွားနိုင်တာကို မထောက်ထားဘဲ အခုလို လိမ်ညာခဲ့လို့ လူတွေက လီမို့စ်ကို ခွင့်မလွှတ်နိုင်ဘူးလို့ ဆိုပါတယ်။
Ref: Man Fakes His Own Death to See Who Would Attend His Funeral
NZ (ရိုးရာလေး)