သူကိုယ်တိုင်ချည်ထိုးထားတဲ့ပစ္စည်းလေးတွေရောင်းပြီး သူ့မွေးရပ်မြေကို အကျိုးပြုနေတဲ့ ဆယ်ကျော်သက်ကောင်လေး

27-1-2023yyl-1.jpg

ဂျိုနာ့ချ် လာဆန်ဆိုတဲ့ ကောင်လေးက သူ့အသက် ၅ နှစ်မှာ လွယ်ကူတဲ့ ချည်ထိုးနည်းတွေကို ကြည့်ပြီး ချည်ထိုးတာကို သင်ယူခဲ့တာပါ။ အသက် ၆ နှစ်မှာ အဘွားတွေနဲ့အပြိုင် ချည်ထိုးယှဉ်ပြိုင်ခဲ့တာပါ။ အခုဆို သူ့ရဲ့ချည်ထိုးလုပ်ငန်းက ကောင်းကောင်းအောင်မြင်နေပြီး ဝယ်လိုအားများနေတာကြောင့် အော်ဒါလက်ခံတာကို ရပ်ထားရပါတယ်။ အသက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ ဂျိုနာ့ချ်က နှစ်ပတ်အတွင်း အမှာစာပေါင်း ၂၅၀၀ လောက်ရခဲ့တာပါ။

သူက ပန်းကန်သုတ်ပုဝါကို စပြီး ထိုးခဲ့တာပါ။ နောက်တော့ ဦးထုပ်နဲ့ ပုဝါတွေ ထိုးလာခဲ့ပါတယ်။ သူက တဖြည်းဖြည်းနဲ့ ပိုပြီးအနုစိတ်တဲ့ ဒီဇိုင်းတွေ ဖန်တီးဖြစ်လာခဲ့ပါတယ်။ သူ ချည်ထိုးထားတဲ့ ပစ္စည်းတွေထဲမှာကလေးဖိနပ်တွေ၊ ခွေးအင်္ကျီတွေ၊ ရေသူမအမြီးခြုံထည်တွေအပါအဝင်ပါပဲ။ သူ့အတွက် အခက်ဆုံးကတော့ ဖောင်ကြွဒီဇိုင်းပန်းပွင့်ပေါင်း ၈၀၀ ကို တစ်စုတစ်စည်းတည်း ထိုးထားတဲ့စောင်ပါပဲ။

ချည်ထိုးတာက သူ့စိတ်ကို တည်ငြိမ်စေပါတယ်။ သူက ချည်ထိုးတာအပြင် အခြားနယ်ပယ်မှာလည်း ကျွမ်းကျင်ပါတယ်။ သင်္ချာလည်းကျွမ်းတယ်။ ဘတ်စကတ်ဘောလည်း ဝါသနာပါတယ်။ ရံဖန်ရံခါ ဗီဒီယိုဂိမ်းလည်းကစားပါတယ်။ ယုံကြည်ချက်အပြည့်ရှိတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် ကျောင်းမှာ အခြားကလေးတွေက သူ့အပေါ် ဘယ်လိုတွေးမလဲဆိုတာကို ဂရုမစိုက်ဘဲ သူ့ဝါသနာကို အရမ်းရူးသွပ်တဲ့သူလည်းဖြစ်ပါတယ်။

အီသီယိုးပီးယားအရှေ့တောင်ပိုင်းက ဒူရာမဲရွာငယ်လေးမှာ မွေးဖွားခဲ့တာဖြစ်ပေမဲ့ (၆) လသားအရွယ်မှာ မွေးစားခံရပြီး အမေရိကန်ကို ပါသွားခဲ့တာပါ။ သူ့ရဲ့မွေးရပ်မြေရွာလေးအတွက် ပြန်ပေးဆပ်ရလောက်တဲ့အထိ ရက်ရောတယ်လို့ သိရပါတယ်။ ဂျိုနာ့ချ်က သူ့ရဲ့Website မှာ သန်းနဲ့ချီတဲ့လူတွေကို ချည်ထိုးနည်းသင်ပေးတဲ့ စာအုပ်တွေ၊ YouTube ဗီဒီယိုတွေ တင်ပေးထားပါတယ်။ သူ့ရဲ့GoFundMe ပေ့ချ်မှာလည်း သူ ထိုးထားတဲ့ ပန်းကန်သုတ်ပုဝါ၊ ခြုံစောင်၊ ဦးထုပ်လို ပစ္စည်းတချို့ကို ရောင်းချပြီး သူ့ရွာအတွက်ရော ရွာမှာနေထိုင်တဲ့သူတွေအတွက်ပါ ရန်ပုံငွေရှာပေးပါတယ်။

ဂျိုနာ့ချ်က အခုအချိန်အထိ ရန်ပုံငွေ ဒေါ်လာ ၂၅၀၀၀ ရှာနိုင်ခဲ့ပြီးတော့ ဒူရာမဲရွာလေးက Teza Gerba School မှာ စာကြည့်တိုက်နဲ့ သိပ္ပံဓာတ်ခွဲခန်းတစ်ခု ဖွင့်နိုင်ခဲ့ပါတယ်။ သူ့ရဲ့နောက်ထပ်ပရောဂျက်က ကျောင်းသူ/သားတွေအတွက် သန့်စင်ခန်းကောင်းကောင်းလုပ်ပေးဖို့ပါပဲ။ ဒီပရောဂျက်ပြီးမြောက်ဖို့အတွက် နောက်ထပ်အလှူငွေ ဒေါ်လာ ၅၀၀၀ ရှာနေပါတယ်။

Ref: Teen prodigy has extraordinary crocheting skills and uses it to raise money to help his village

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top