ညီမဖြစ်သူ စာမေးပွဲအောင်စေဖို့ ရဲအရာရှိ ဟန်ဆောင်ခဲ့သူ ဖမ်းဆီးခံရ

1.3.24-yyl-23.jpg

ညီမဖြစ်သူ အထက်တန်းစာမေးပွဲအောင်မြင်အောင် ကူညီပေးဖို့ ရဲအရာရှိအဖြစ် ဟန်ဆောင်ခဲ့တဲ့ အိန္ဒိယအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ်တစ်ဝန်းမှ ကျောင်းသား/သူ အားလုံးအတွက် အရေးပါတဲ့ အထက်တန်းစာမေးပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်က စတင်ကျင်းပခဲ့တာပါ။

အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ခန်ဒါရီဟာ ညီမဖြစ်သူရဲ့ စာမေးပွဲခန်းထဲဝင်ပြီး စာခိုးချတဲ့စာရွက်တွေပေးဖို့ ကြံစည်ခဲ့တာပါ။ သူဟာ ရဲဝတ်စုံ ဝတ်ဆင်ပြီး ရှာဘာဘူအာဒူအထက်တန်းကျောင်းထဲကို အလွယ်တကူ ဝင်ရောက်နိုင်ခဲ့ပေမဲ့ တကယ့်ရဲအစစ်တွေနဲ့ တည့်တည့်တိုးခဲ့ပြီး ကသောင်းကနင်း ဖြစ်ခဲ့တာပါ။ အဲဒီလို အခြေအနေကြုံရမှာကို ထင်မထားတဲ့ ခန်ဒါရီက ကြောင်အမ်းအမ်းနဲ့ အလေးပြုခဲ့ပြီး သူ့ရဲ့အမူအရာကို သံသယမကင်းတဲ့ ရဲအစစ်တွေက သူ့ကို ရှာဖွေစစ်ဆေးခဲ့ကြပါတယ်။

သူ့ယူနီဖောင်းမှာ တပ်ဆင်ထားတဲ့ အမည်တံဆိပ်ပြားက အတုဖြစ်နေသလို ရဲယူနီဖောင်းကလည်း အစစ်မဟုတ်တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူ့အိတ်ထဲကို ရှာဖွေကြည့်တဲ့အခါ စာခိုးချမယ့်စာရွက်တွေ တွေ့ခဲ့ကြပါတယ်။ ခန်ဒါရီကို ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

စာမေးပွဲ အောင်ရေး၊ အမှတ်ကောင်းကောင်းရရေးအတွက် ဖိအားအလွန်များတဲ့ အိန္ဒိယနိုင်ငံမှာ စာခိုးချတာ၊ အယောင်ဆောင် လိမ်လည်တာ၊ မေးခွန်းပေါက်ကြားတာ အစရှိတဲ့ ပြဿနာတွေ ကြုံနေရပြီး အိန္ဒိယနိုင်ငံရဲ့ ပညာရေးစနစ်ကို အလုံးစုံ ပြောင်းလဲပြင်ဆင်ဖို့ လိုအပ်နေပြီလို့ လူအများက ထောက်ပြကြပါတယ်။

Ref: Man Impersonates Police Officer to Help Sister Cheat on Exam

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply