လသားအရွယ် ကလေးလေးကို အမှိုက်ပုံးထဲ စွန့်ပစ်ထားတာ​တွေ့ပြီး ခေါ်ယူမွေးစားခဲ့တဲ့ နှလုံးလှပိုင်ရှင်လေး

28-7-2022-yyl06.jpg

ဟေတီနိုင်ငံသား ဂျင်မီ အေမီစီရယ်ဟာ အမေရိကန်နိုင်ငံမှာ ကျောင်းတက်နေတဲ့သူတစ်ယောက်၊ ကျောင်းပိတ်ရက်ဆို သူ့ရဲ့မွေးရပ်မြေ ဟေတီနိုင်ငံကို ပြန်လာပြီး မိဘမဲ့ဂေဟာမှာ စေတနာ့ဝန်ထမ်းလုပ်တယ်။ ဒီတစ်ခေါက် ကျောင်းပိတ်ရက် ပြန်လာချိန်မှာတော့ လသားအရွယ်ကလေးတစ်ယောက်ရဲ့ အုပ်ထိန်းသူဖြစ်လာဖို့ ကံပါလာခဲ့တယ်။

လသားအရွယ်ကလေးလေးရဲ့ အုပ်ထိန်းသူ ဘယ်လိုဖြစ်လာခဲ့လဲဆိုရင် အဖြစ်အပျက်ကတော့ ဒီလိုပါ။ ဂျင်မီ ဆယ်ကျော်သက်ကတည်းက စေတနာ့ဝန်ထမ်းလုပ်ခဲ့တဲ့ မိဘမဲ့ဂေဟာကို သွားရင်း အမှိုက်ပုံးနားမှာ စုရုံးနေကြတဲ့လူအုပ်ကြီးကို မြင်တွေ့ခဲ့တယ်။

ဟေတီနိုင်ငံသား ဂျင်မီ အေမီစီရယ်နဲ့ အမှိုက်ပုံးထဲ စွန့်ပစ်ခံထားရတဲ့ ကလေးလေး

သူလည်း လူအုပ်ကြီးမြင်တော့ ဘာဖြစ်တာလဲသိရဖို့ စူးစမ်းကြည့်ခဲ့တယ်။ အမှိုက်ပုံးထဲမှာ ပုရွက်ဆိတ်တွေ၊ အမှိုက်သရိုက်တွေနဲ့ ဖုံးနေတဲ့ (၄) လသားအရွယ်ကလေးလေးကို မြင်တွေ့ခဲ့ရတယ်။ အမှိုက်ပုံးနားမှာ အုံနေတဲ့ လူတွေက ဒီကလေးလေးကို ဘယ်လိုလုပ်ကြမလဲ ပြောဆိုနေကြတာကိုလည်း သူ ကြားခဲ့တယ်။ တစ်ယောက်မှ မကူညီကြဘဲ ကလေးလေးကို ဒီအတိုင်းပဲကြည့်နေခဲ့ကြတယ်။

အဲဒါနဲ့ ဂျင်မီလည်း အဲဒီကလေးလေးကို သူ့အိမ် ခေါ်သွားခဲ့တယ်။ ဆေးခန်းမပြခင် သူ့အမေနဲ့အတူ ကလေးလေးကို ဆေးကြောသန့်စင်ပေးတာ၊ ကလေးကို နို့မှုန့်တိုက်ကျွေးတာတွေ လုပ်ခဲ့တယ်။ အဲဒီနောက် ဂျင်မီတို့သားအမိက ကလေးလေးနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ကလေးလေးရဲ့မိဘတွေကို ရှာဖွေဖို့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။

ကလေးလေးကို တွေ့တဲ့အချိန်တုန်းက ဂျင်မီရဲ့အသက်ဟာ ၂၂ နှစ်ပါ။ ကလေးရဲ့မိဘတွေကို ရှာမတွေ့တာကြောင့် ဂျင်မီက ကလေးလေးရဲ့အုပ်ထိန်းသူဖြစ်လာခဲ့ပါတယ်။ ကလေးလေးရဲ့အုပ်ထိန်းသူနဲ့ပတ်သက်ပြီး ကြားနာစစ်ဆေးတော့ တရားသူကြီးက ဂျင်မီကို ကလေးအတွက် တရားဝင်အုပ်ထိန်းသူဖြစ်ဖို့လားမေးတော့ “ဖြစ်ချင်ပါတယ်”လို့ ဖြေခဲ့တာပါ။

ဂျင်မီတို့သားအမိနဲ့အတူ ကလေးလေး အက်မီလီယို

အဲဒီကတည်းက ဂျင်မီဟာ အမေရိကန်နိုင်ငံနဲ့ ဟေတီနိုင်ငံကို သွားလိုက်ပြန်လိုက်လုပ်ခဲ့ရပါတယ်။ အမေရိကန်နိုင်ငံမှာ သူ ကျောင်းတက်ပြီးအလုပ်လုပ်နေတဲ့အချိန် ကလေးလေးကို သူ့ရဲ့အမေ အီလစ်ဆီက ပြုစုစောင့်ရှောက်ထားတာပါ။ ကလေးလေးကို အက်မီလီယို အိန်ဂျယ် ဂျီရယ်မီအာလို့ အမည်ပေးထားပါတယ်။ ဂျင်မီက သူ့မိသားစုကို ထောက်ပံ့ဖို့အတွက် စာလေ့လာတဲ့အချိန်ထဲကနေ အချိန်တွေဖဲ့ယူခဲ့ရပါတယ်။ အခုစက်တင်ဘာမှာ တတိယနှစ်တက်ဖို့ ပြင်ဆင်နေပါတယ်။

အခုဆို ဂျင်မီက အသက် ၂၇ နှစ်ရှိနေပြီး အက်မီလီယိုကို သူ့သားအဖြစ် တရားဝင်မွေးစားဖို့ လျှောက်ထားခဲ့ပါတယ်။ အမ်မီလီယိုရဲ့အသက်ကတော့ (၅) နှစ်ရှိပါပြီ။ အက်မီလီယိုကို တရားဝင်မွေးစားမယ့်လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်နေပေမဲ့ အဲဒါပြီးမြောက်ဖို့ ဒေါ်လာ ၃၀၀၀၀ စုဆောင်းဖို့ လိုအပ်နေပါတယ်။

Ref: Metro ‘I found a baby in the bin while I was on holiday – now I’m adopting him’

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top