ကမ္ဘာတစ်လွှား မိုးမျှော်တိုက်တွေကို တက်ခဲ့သူ ၆၈ ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

31.7.23-yyl-13.jpg

ကမ္ဘာတစ်လွှားက မိုးမျှော်အဆောက်အအုံတွေကို တက်ရောက်ခဲ့ဖူးတဲ့ ပြင်သစ်နိုင်ငံသား ရီမီလူစီဒီဟာ ဟောင်ကောင်မြို့က ၆၈ ထပ်တိုက်ပေါ်က ပြုတ်ကျလို့ သေဆုံးခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ရီမီအန်နစ်ဂမာလို့ လူသိများတဲ့ အသက် ၃၀ အရွယ် အမျိုးသားဟာ ဇူလိုင်လ ၂၇ ရက်နေ့ ဒေသစံတော်ချိန် ည ၆ နာရီအချိန်က ဟောင်ကောင်မြို့မှာရှိတဲ့ ထရီဂန်တာ တာဝါကို ရောက်လာခဲ့ပြီး အထပ် ၄၀ နေတဲ့ သူငယ်ချင်းဆီ လာတွေ့တာလို့ လုံခြုံရေးကို ပြောခဲ့ပါတယ်။

လုံခြုံရေးက အဲဒီသူထံ ဖုန်းဆက်ကြည့်ချိန်မှာ ရီမီကို သူ မသိဘူးလို့ ပြန်ပြောတာကြောင့် လုံခြုံရေးက ရီမီကို ဖမ်းဖို့ ပြင်ခဲ့ပေမဲ့ သူက ဓာတ်လှေကားထဲ ပြေးဝင်သွားခဲ့တာပါ။ လုံခြုံရေး ရုပ်သံမှတ်တမ်းတွေအရ လူစီဒီဟာ ၄၉ လွှာကို ရောက်ပြီးနောက် လှေကားကတစ်ဆင့် အဆောက်အအုံထိပ်ကို တက်ခဲ့တာပါ။

ရီမီက အခန်းပြတင်းပေါက်တစ်ခုကို ခေါက်နေတယ်လို့ အဲဒီအဆောက်အအုံမှာ နေထိုင်သူတစ်ဦးက ဆိုခဲ့ပြီး ဒေသစံတော်ချိန် ည ၇ နာရီခွဲမှာ အိမ်အကူတစ်ဦးက ရဲကို ဖုန်းဆက် အကြောင်းကြားခဲ့တာပါ။ ရဲတွေ ရောက်မလာခင်မှာပဲ ရီမီ ပြုတ်ကျသွားခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့တာပါ။ သူ့ရဲ့ ကင်မရာကိုလည်း အခင်းဖြစ်ပွားရာ နေရာမှာ တွေ့ရပါတယ်။

ရီမီဟာ အဆောက်အအုံ အပြင်ဘက်လှေကားမှာ ပိတ်မိနေလို့ အကူအညီတောင်းဖို့အတွက် ပြတင်းပေါက်တံခါးခေါက်ခဲ့တာဖြစ်မယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။ ရီမီဟာ ဇူလိုင်လ ၃၀ ရက်မှာ သူ တည်းခိုတဲ့ တိုင်ရှာတုဧည့်ရိပ်သာကနေ ထွက်ခွာပြီး တောင်သွားတက်ဖို့ စီစဉ်ထားတာလို့ ဧည့်ရိပ်သာ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှာတော့ ရီမီရဲ့ ပရိသတ်တွေက သူ ကွယ်လွန်မှုကြောင့် ဝမ်းနည်းခြင်းစကားတွေ ရေးသားဖော်ပြခဲ့ကြပါတယ်။

Ref: Man known for skyscraper climbs dies after falling from 68th floor

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top