အရက်မူးပြီး လမ်းဘေးမှာ အိပ်ပျော်သွားတဲ့ ဝန်ထမ်းကြောင့် မြို့ခံလူထုရဲ့ဒေတာတွေ ပျောက်ဆုံး

27-6-2022-yyl02.jpg

ဂျပန်နိုင်ငံက ကုမ္ပဏီဝန်ထမ်းတစ်ယောက် အရက်မူးပြီး လမ်းဘေးမှာ အိပ်ပျော်သွားတဲ့ဖြစ်ရပ်ကတော့ ကမ္ဘာတစ်ဝန်းမှာ ပြောစမှတ်ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ တမြို့လုံးက လူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ပါဝင်တဲ့ USB flash drive ပျောက်ဆုံးသွားခဲ့လို့ပါပဲ။

အသက် ၄၀ ဝန်းကျင်ရှိတဲ့ အဲဒီအမျိုးသားဟာ အခွန်ကင်းလွတ်ခွင့်ရ အိမ်ထောင်စုတွေကို အကျိုးခံစားခွင့်ပေးတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်သူပါ။ အရက်မူးပြီး လမ်းဘေးမှာ အိပ်ပျော်နေတုန်း USB flash drive ထည့်ထားတဲ့ သူ့ရဲ့အိတ် ပျောက်သွားခဲ့တာပါ။ အဲဒီ USB flash drive ထဲမှာ အမာဂါစကီမြို့က လူ ၄၆၅,၁၇၇ ယောက်ရဲ့ အမည်၊ မွေးသက္ကရာဇ်၊ လိပ်စာ၊ အခွန်ဆိုင်ရာ အသေးစိတ်အချက်အလက်တွေ၊ ဘဏ်အကောင့် နာမည်နဲ့ နံပါတ်၊ အထောက်အပံ့ရရှိနေတဲ့ အိမ်ထောင်စုတွေစာရင်း အစရှိတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။

သူက ဒီပျောက်ဆုံးမှုအတွက် ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပြီး ကုမ္ပဏီကလည်း မြို့ခံအာဏာပိုင်အဖွဲ့ထံ အကြောင်းကြားထားပါတယ်။ USB flash drive ထဲက ဒေတာတွေကို ဝှက်စာနဲ့ ထည့်သွင်းထားတာဖြစ်ပြီး လက်ရှိအချိန်အထိတော့ အချက်အလက် ပေါက်ကြားမှု မရှိသေးပါဘူး။

ဒီဖြစ်ရပ်မှာ ဝန်ထမ်းအမျိုးသားအနေနဲ့ မြို့ခံလူထုရဲ့ အချက်အလက် ဒေတာဘေ့စ်ထဲကို ဝင်ရောက်ခွင့်ရှိခဲ့ပေမဲ့ အီလက်ထရောနစ်ကိရိယာတစ်ခုခုထဲကို လွှဲပြောင်းခွင့်မရှိပါဘူး။ ရုံးဆင်းချိန်မှာ USB flash drive ထဲက ဒေတာတွေကို မဖျက်ဘဲ အိမ်ပြန်ခဲ့တဲ့ အဆိုပါဝန်ထမ်းကိုလည်း မြို့ခံအာဏာပိုင်တွေက ဝေဖန်ခဲ့ပါတယ်။ အစိုးရဝန်ထမ်းတွေအနေနဲ့လည်း ရုံးဆင်းလို့ အိမ်ပြန်မယ့်အချိန်မှာ USB flash drive တွေ ယူသွားမယ်ဆိုရင် သက်ဆိုင်ရာ အကြီးအကဲတွေထံကနေ ခွင့်ပြုချက်တောင်းဖို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

Ref: CNN ” Man loses USB flash drive with data on entire city’s residents after night out”

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top