ဒေါ်လာသန်း ၅၀ ကို ငြင်းဆန်ပြီး လူသားအားလုံးနဲ့သက်ဆိုင်တဲ့ ကျွန်းတစ်ကျွန်း ဖန်တီးပေးခဲ့သူ

30-6-2022-yyl03.jpg

အချစ်ဆုံးသူငယ်ချင်းနဲ့အတူ တွေ့ရတဲ့ ဂရင်းရှော

အမေရိကန်ဒေါ်လာ သန်း ၅၀ ဆိုတဲ့ မက်လောက်စရာ ငွေကြေးကို သူ ငြင်းဆန်ခဲ့တယ်။ သူပိုင်တဲ့ကျွန်းဟာ လူချမ်းသာတွေအတွက်ပဲ မဖြစ်စေရ၊ လူအားလုံးနဲ့သက်ဆိုင်တဲ့ နေရာ ဖြစ်ရမယ်၊ ကောင်းမွန်တဲ့ဂေဟစနစ် ဖော်ဆောင်နိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို မမှိတ်မသုန်အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။

သူကတော့ ဗြိတိန်နိုင်ငံသား ဘရင်ဒန်ဂရင်းရှော(Brendon Grimshaw)ပါပဲ။ တန်ဇန်းနီးယားနိုင်ငံမှာ သတင်းစာအယ်ဒီတာ လုပ်ခဲ့တဲ့ ဂရင်းရှောဟာ ၁၉၆၂ ခုနှစ်တုန်းက အိန္ဒိယသမုဒ္ဒရာထဲက ဆေးချယ်ကျွန်းစုထဲမှာရှိတဲ့ မိုယန်နီကျွန်း (Moyenne)ကို ပေါင် ၈၀၀၀ နဲ့ ဝယ်ယူခဲ့တယ်။ သူ့ရဲ့ရည်မှန်းချက်က အဲဒီကျွန်းအတွက် ကောင်းမွန်တဲ့ ဂေဟစနစ် ဖော်ဆောင်ပေးဖို့ပါပဲ။ သတင်းစာအယ်ဒီတာအလုပ်ကနေ ထွက်ခဲ့ပြီးနောက် ၁၉၇၃ ခုနှစ်မှာတော့ ဂရင်းရှောက မိုယန်နီကျွန်းမှာ နေထိုင်ခဲ့တယ်။

ဂရင်းရှော ဝယ်ယူခဲ့တဲ့ မိုယန်နီကျွန်း

မိုယန်နီကျွန်းကို သူ စရောက်တုန်းက ကျွန်းပေါ်မှာ ဘာဆိုဘာမှ မရှိ။ ရေတောင် ယူလာရတာပါ။ ဒါပေမဲ့ နှစ် ၄၀ အချိန်အတွင်းမှာပဲ ဂရင်းရှောနဲ့ အချစ်ဆုံးသူငယ်ချင်း လာဖော်ကျွန်းတို့က ကျွန်းပေါ်မှာ သစ်ပင်ေါင်း ၁၆,၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး ၄.၈ ကီလိုမီတာရှည်လျားတဲ့ လမ်း ဖောက်ခဲ့ပါတယ်။ သူတို့က Aldabra မျိုးစိတ် ဧရာမလိပ်ကြီး ၁၁၁ ကောင် ဝယ်ယူသားဖောက်ပြီး ကျွန်းပေါ်မှာ လွှတ်ထားခဲ့သလို ကျေးငှက်ထောင်ချီ ရောက်လာလုပ်နိုင်ခဲ့ပါတယ်။ မိုးရေသိုလှောင်တဲ့စနစ် တစ်ခု တည်ဆောက်ခဲ့သလို ဂရင်းရှောရဲ့ နောက်ဆုံးနှစ်မှာတော့ မိုယန်နီကျွန်းမှာ လျှပ်စစ်မီးပါ ရရှိနေပါပြီ။

မိုယန်နီကျွန်းပေါ် တစ်နေရာ

၂၀၀၅ ခုနှစ်မှာ ဆော်ဒီမင်းသားတစ်ပါးက မိုယန်နီကျွန်းကို အမေရိကန်ဒေါ်လာ သန်း ၅၀ နဲ့ ဝယ်ယူမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ ဂရင်းရှောက လက်မခံခဲ့ပါဘူး။ ဒါပေမဲ့ ဂရင်းရှောမှာ အမွေဆက်ခံမယ့် သားသမီးမရှိလို့ မိုယန်နီကျွန်းရဲ့ အနာဂတ်ကလည်း မသေချာတဲ့ အနေအထား ဖြစ်လာခဲ့ပါတယ်။ ဂရင်းရှော သေသွားရင် ကျွန်းပေါ်မှာ ဟိုတယ်ဆောက်ဖို့ စီစဉ်နေတဲ့ ကုမ္ပဏီတွေကလည်း ဒုနဲ့ဒေးပါပဲ။ ဂရင်းရှောကတော့ သူ့ကျွန်းကို လူချမ်းသာတွေပဲ ကြီးစိုးတဲ့နေရာမျိုး မဖြစ်စေချင်ဘူး။ လူသားအားလုံးနဲ့ သက်ဆိုင်တဲ့နေရာပဲ ဖြစ်စေချင်သူပါ။

ဗြိတိန်နိုင်ငံသား ဂရင်းရှော

၁၉၉၆ ခုနှစ်မှာ ဂရင်းရှောက သူ့ဘဝနဲ့ သူ့ကျွန်းအကြောင်း စာအုပ်ရေးခဲ့ပြီး အဲဒီစာအုပ်ကို မှတ်တမ်းရုပ်ရှင်ဗီဒီယိုတွေ ပြန်လည်ရိုက်ကူးခဲ့ကြပါတယ်။ အဲဒီစာအုပ်နဲ့ မှတ်တမ်းရုပ်ရှင်တွေကပဲ အခြေအနေတွေကို ပြောင်းလဲပေးခဲ့တာပါ။ A Grain of Sand လို့ အမည်ရတဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးပြီး တစ်နှစ်အကြာမှာပဲ ဆေးချယ်ကျွန်း အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး သမ္မတအကြံပေးကို ရုပ်ရှင်ခွေ ပေးအပ်နိုင်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ် ဇွန်လမှာတော့ ဆေးချယ်ကျွန်း အစိုးရအဖွဲ့က မိုယန်နီကျွန်းကို အမျိုးသားဥယျာဉ်အဖြစ် အသိအမှတ်ပြုပေးဖို့ သဘောတူညီပေးခဲ့ပြီး ဂရင်းရှောကလည်း ဝမ်းသာလွန်းလို့ မျက်ရည်ကျတဲ့အထိပါပဲ။ ဂရင်းရှောဟာ ၂၀၁၂ ခုနှစ် ဇူလိုင်လမှာတော့ အသက် ၈၇ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဂရင်းရှောရဲ့ အမွေအနှစ်ဖြစ်တဲ့ မိုယန်နီကျွန်းကတော့ ကမ္ဘာ့အသေးဆုံးအမျိုးသားဥယျာဉ်အဖြစ် အိန္ဒိယသမုဒ္ဒရာထဲမှာ တည်ရှိနေပါတယ်။

Ref: Man Refused $50 Million Offer to Buy His Island, Now It’s the World’s Smallest National Park

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top