နေစောင်းတာနဲ့ ခရီးသွားဧည့်သည်တွေကို ဝင်ခွင့်မပြုထားတဲ့ အိန္ဒိယနိုင်ငံရဲ့ခြောက်လှန့်နေတဲ့ ခံတပ်

30-6-2022-yyl10.jpg

နေဝင်တာနဲ့ ခရီးသွားဧည့်သည်တွေကို အိန္ဒိယနိုင်ငံရဲ့သရဲအခြောက်ဆုံးအဆောက်အဦးလို့ ယူဆထားတဲ့ခံတပ်ထဲ ဝင်ရောက်​ခြင်းမှ တားမြစ်ထားပါတယ်။ နေ့ဘက်ဆိုရင် ရာဇဌာန်ပြည်နယ်က ရှေ့ဟောင်းအမွေအနှစ်တွေထိန်းသိမ်းထားတဲ့ Bhangarh Fort ခံတပ်ဟာ ရှေ့ဟောင်းအဆောက်အဉီးတွေ မြတ်နိုးတဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားနိုင်တဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ​သရဲကြောက်တက်တဲ့သူတွေကတော့ အဲဒီခံတပ်ထဲ ဝင်ဖို့ ဝန်လေးကြမှာပါ။အစိုးရက နေမထွက်မချင်း ခံတပ်ထဲ ဝင်ရောက်ဖို့ တားမြစ်တယ်ဆိုတဲ့ ဆိုင်းဘုတ်ကို ဂိတ်တံခါးမှာ တပ်ဆင်ထားပါတယ်။ ခံတပ်ထဲ ဝင်လို့ရနိုင်တဲ့အပေါက်မှန်သမျှကို နေထွက်လာမယ့်အချိန်အထိ သော့ခတ်ထားပါတယ်။

ညဆိုရင် ခံတပ်အတွင်းကနေ အမျိုးသမီးတွေရဲ့ အော်ဟစ်ငိုယိုသံတွေ ကြားနေရပြီး လက်ကောက်၊ ခြေချင်းအသံတွေနဲ့ ထူးဆန်းတဲ့တေးဂီတအသံတွေလည်း တစ်ခါတလေ ကြားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ တချို့က ခံတပ်ကနေ အရိပ်တွေနဲ့ မှိတ်တုတ်မှိတ်တုတ် မီးရောင်တွေမြင်ရပြီး တချို့ကျတော့ အဆောက်အဦးကနေ လွင့်ပျံ့လာတဲ့ ထူးခြားရေမွှေးအနံ့ကို ရကြတယ်လို့ ဆိုကြပါတယ်။

အိန္ဒိယနိုင်ငံမှာ သရဲခြောက်တယ်လို့ ယူဆထားကြတဲ့ Bhangarh Fort ခံတပ်

နေဝင်ပြီးနောက် ခံတပ်ထဲဝင်မယ်ဆိုရင် ဝင်သွားတဲ့ဘယ်သူမဆို ဘယ်တော့မှ ပြန်ထွက်လာရမှာမဟုတ်ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။ ခံတပ်က အဲဒီအနီးနားမှာ နေထိုင်တဲ့သူတွေကြား ကြောက်မက်ဖွယ်ကောင်းတဲ့အရာတစ်ခုဖြစ်ခဲ့တာ နှစ်ပေါင်းရာချီနေပါပြီ။ အဲဒီခံတပ်နဲ့ပတ်သက်ပြီး ထိတ်လန့်ဖွယ်ဇာတ်လမ်းတွေ၊ ယုံတမ်းစကားတွေလည်း ရှိခဲ့ပါတယ်။

ပထမဆုံးဇာတ်လမ်းကိုပြောရရင် ဂျိုင်ပူမြို့အုပ်ချုပ်သူမာဒ်ဟို ဆင်းဂျ် နဲ့ သူတော်စင် ဗာလာ နာသ် အကြောင်းပါ။ ဂျိုင်ပူမြို့အုပ်ချုပ်သူ မာဒ်ဟို ဆင်းဂျ်ဟာ သူတော်စင် ဗာလာ နာသ်ဆီ အလည်သွားပြီး သူ့အိမ်နားမှာ ခံတပ်တည်ဆောက်ဖို့ ခွင့်တောင်းခဲ့ပါတယ်။ သူတော်စင်ကလည်း ခံတပ်က အရမ်းမြင့်ပြီး သူ့အိမ်ပေါ် အရိပ်ကျမယ်ဆိုတာ မသိဘဲ ဆောက်ခွင့်ပြုခဲ့တယ်။ အဲဒါနဲ့ မာဒ်ဟို ဆင်းဂျ်က Bhangarh Fort ခံတပ်ကို စတင်တည်ဆောက်ခဲ့တယ်။

နေစောင်းတာနဲ့ ဝင်ခွင့်ပိတ်ပင်ထားတဲ့ ခံတပ်

အုတ်မြစ်ကနေ​အထက်ကိုမြင့်ပြီး တည်ဆောက်ခဲ့တာကြောင့် ဗာလာ နာသ်ရဲ့အိမ်ကို အရိပ်ကျခဲ့ပါတယ်။ သူတော်စင်က သူ့အိမ်အနီးနားမှာ အဆောက်အဦးတွေ၊ အိမ်တွေကို သူ့အိမ်ထက်မြင့်ပြီး ဆောက်တာကို မကြိုက်တာကြောင့် အမျက်ဒေါသထွက်ပြီး ခံတပ်အတွင်း နေထိုင်သူတိုင်း သေကြေပြီးကံဆိုးမိုးမှောင်ကျကာ ပြန်လည်မွေးဖွားမလာပါစေနဲ့၊ ဒီမှာပဲ ပိတ်မိနေပြီး တမလွန်ဘဝနဲ့ ခြေဉီးတည့်ရာသွားနေရပါစေလို့ ကျိန်စာတိုက်ခဲ့ပါတယ်။

နောက်တစ်ခုကတော့ အောက်လမ်းပညာသုံးတဲ့ ယဇ်နတ်ဆရာနဲ့ မင်းသမီးတစ်ပါးအကြောင်းပါ။ အောက်လမ်းပညာတတ်တဲ့ ယဇ်နတ်ဆရာက အိန္ဒိယနိုင်ငံနယ်နိမိတ်ထက်ကျော်လွန်ပြီး ထင်ရှားကျော်ကြားတဲ့ Bhangarh မင်းသမီးလေးကို ချစ်မိသွားခဲ့တယ်။ တစ်နေ့တော့ ဈေးသွားတဲ့ မင်းသမီးလေးနောက်ကို နတ်ဆရာက လိုက်ပြီး အချစ်ဆေးရည် (သို့) မှော်ဆေးရည်ကို သောက်ဖို့ ကမ်းလှမ်းခဲ့တယ်။

မင်းသမီးလေးကလည်း နတ်ဆရာရဲ့မကောင်းတဲ့ရည်ရွယ်ချက်ကို သိတာကြောင့် သောက်ဖို့ ငြင်းဆန်ခဲ့ပြီး ဆေးရည်ကို ကျောက်တုံးကြီးပေါ် သွန်းချပစ်ခဲ့တယ်။ အဲဒီကျောက်တုံးကြီးက နတ်ဆရာဆီ လိမ့်ကျလာကာ ကျောက်တုံးပိပြီး သေဆုံးသွားခဲ့ပါတယ်။ နတ်ဆရာ အသက်မထွက်ခင် အခိုက်အတန့်မှာ ရွာနဲ့ခံတပ်ကို ပျက်စီးခြင်းနဲ့ တိတ်ဆိတ်ခြောက်ကပ်ခြင်းဖြစ်ပါစေလို့ ကျိန်စာတိုက်ခဲ့ပါတယ်။ တစ်နှစ်အကြာမှာတော့ အဲဒီဒေသက လူဦးရေအကုန်လုံး စစ်ပွဲအတွင်း သေဆုံးသွားခဲ့ရပါတယ်။

Ref: TheMirror “Tourists banned from India’s most haunted building when the sun has set”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top