ရေအောက်ဂူအတွင်း ၁၅ ရက်ကြာ ပျောက်ဆုံးနေတဲ့ တံငါသည်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့

mass.jpg

မက္ကဆီကိုနိုင်ငံမှာ လူသူအရောက်အပေါက် မရှိသေးတဲ့ ရေအောက်ဂူအတွင်း ပျောက်ဆုံးသွားတဲ့ တံငါသည်တစ်ယောက်ကို ၁၅ ရက်အကြာမှာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ဗာလ်ဒက်ဇ် (Erasto Crisanto Valdez)ဟာ ဇူလိုင်လ ၂၃ ရက်နေ့က မက္ကဆီကိုနိုင်ငံအရှေ့ပိုင်း အုရှ်ပါနာပါ (Uxpanapa) ဒေသမှာ သူ့ဖခင်နဲ့အတူ စီနိုတေး (Cenote – ရေပြည့်နေတဲ့ သဘာဝတွင်းနက်ကြီး) တစ်ခုထဲ ဝင်သွားရာမှ ဂူလမ်းကြောင်းတွေကြား လမ်းပျောက်သွားခဲ့တာပါ။

သူ့အဖေဟာ အစောပိုင်းမှာ တကိုယ်တည်း ရှာဖွေနေခဲ့ပေမဲ့ မရတဲ့အဆုံးမှာတော့ အကူအညီတောင်းခံခဲ့ပြီး သူတို့ဆွေမျိုးတွေ၊ ဒေသခံတွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မက္ကဆီကို ရေတပ်ရေငုပ်သမားတွေ ပါဝင်တဲ့ အကြီးအကျယ် ရှာဖွေရေးလုပ်ငန်း စတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂူအနေအထားနဲ့ လမ်းကြောင်းကို မသိကြသလို ရေအောက်မြင်ကွင်းကလည်း တစ်မီတာ (၃ ပေခွဲခန့်) လောက်တောင် မမြင်ရလို့ အခက်အခဲ ကြုံခဲ့ပြီး ချွန်ထက်တဲ့ ရေအောက်ကျောက်ဆောင်တွေကလည်း ရေငုပ်သမားတွေအတွက် အန္တရာယ်များတဲ့ အခြေအနေပါ။

တစ်ပတ်ကျော် ရှာဖွေပေမဲ့ မတွေ့တဲ့နောက်မှာတော့ ကယ်ဆယ်ရေးမစ်ရှင်ကနေ အလောင်းပြန်ရရေး မစ်ရှင်အဖြစ် အသွင်ကူးပြောင်းသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ဝါရင့် ရေငုပ်သမား ဟယ်ရီဂတ်စ် (Harry Gust) နဲ့ သူ့ရဲ့အဖော် ရီဗီရာ (Rosalino “Rosso” Rivera) တို့က ရှာဖွေရေးမှာ ပါဝင်လာခဲ့ပါတယ်။

ဂတ်စ်ဟာ ပထမနေ့မှာပဲ ဂူအတွင်းပိုင်း မီတာ ၁၀၀ ဝန်းကျင်မှာ စွန့်ပစ်ထားတဲ့ အောက်ဆီဂျင်ဘူးအသေးတလုံးကို တွေ့ရှိခဲ့ပြီး ဒုတိယနေ့မှာတော့ အဲဒီအနား ဆက်လက်ရှာဖွေရင်း ခြောက်သွေ့နေတဲ့ ကမ္ပတ်လိုဏ်ခေါင်းကြီး (Large dry chamber) ကို တွေ့ရှိခဲ့ပါတယ်။ မှောင်မည်းနေတဲ့ အတွင်းဘက်မှာ လူ ရှိ၊ မရှိ သိရဖို့ အသံပြုလိုက်ချိန်မှာ ဗာလ်ဒက်စ်က အထဲမှာ သူ ရှိကြောင်း အသံပြန်ပြုခဲ့ပါတယ်။

ဂတ်စ်ဟာ အခြားသူတွေနဲ့အတူ ကမ္ပတ်လိုဏ်ခေါင်းကြီးဆီ ပြန်လာခဲ့ပြီး ဗာလ်ဒက်စ်ကို ခေါ်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဗာလ်ဒက်စ်ဟာ ရေဓာတ်ခန်းခြောက်နေပြီး အားနည်းနေလို့ လမ်းကြောင်းတလျှောက် ခေါ်ထုတ်နိုင်ဖို့ အခက်အခဲတွေ ကြုံခဲ့ရပေမဲ့ ဂတ်စ်နဲ့ ကယ်ဆယ်ရေးသမားတွေက သူ့ကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီး ဂူအ၀ ရောက်ချိန်မှာ လူနာတင်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

Ref: Man Rescued Alive After 15 Days Trapped in Underwater Cave in Complete Darkness

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top