သံပုရာရည်ရောင်းရင်း ငွေစက္ကူအတုနဲ့ အမျိုးသားတစ်ဦးရဲ့လိမ်လည်တာ ခံခဲ့ရတဲ့ ကလေးလေး

11-8-2022-yyl08.jpg

ရက်ရောတဲ့အလှူရှင်တွေကြောင့် ဒေါ်လာ ၂၅၀၀၀ ရရှိခဲ့ ဂျရမီ ဆိုတဲ့ အသက် ၁၁ နှစ်အရွယ် ကောင်လေးက ဝါရှင်တန်မြို့မှာ သံပုရာရည်ဆိုင်လေးတစ်ခု ဖွင့်ထားပါတယ်။ တစ်နေ့မှာ အမျိုးသားတစ်ဦးဟာ သူ့ဆီက ငွေစက္ကူအတု ဒေါ်လာ ၁၀၀ နဲ့ သံပုရာရည်ဝယ်ပြီး လိမ်လည်ခဲ့ပါတယ်။ ဂျရမီက ငွေစက္ကူအတုဆိုတာမသိလိုက်ဘဲ ၈၅ ဒေါ်လာတောင် ပြန်အမ်းပေးလိုက်ပါတယ်။ ရဲဌာနကလည်း ဂျရမီကို လိမ်လည်ခဲ့တဲ့ သံသယရှိသူရဲ့ပုံကို “သံပုရာရည်ဆိုင်လေး ဖွင့်ထားတဲ့ ၁၁ နှစ်ကလေးလေးအပေါ် အခွင့်ကောင်းယူခဲ့တဲ့ ဒီလူကို ဖော်ထုတ်ပေးနိုင်မလား”ဆိုတဲ့ စာသားနဲ့ မျှဝေခဲ့ပါတယ်။ အမျိုးသားတစ်ဦးရဲ့လိမ်လည်တာကို ဂျရမီခံခဲ့ရတာသိသွားခဲ့တဲ့ ဒေသတွင်းလူ့အသိုင်းအဝန်းက ရန်ပုံငွေရှာပြီး ကူညီဖို့ အသင့်ဖြစ်နေခဲ့ပါတယ်။

နွေရာသီမှာ ဂျရမီက သံပုရာရည်ဆိုင်လေးဖွင့်ဖို့ သူ့ရဲ့ထောက်ပံ့ကြေးငွေတွေကို သုံးစွဲခဲ့ရတာပါ။ ဂျရမီက အပိုအသုံးစရိတ်နည်းနည်းလောက်ရဖို့ နေပူထဲ အလုပ်လုပ်ခဲ့ရပါတယ်။ ငွေစက္ကူအတု ဒေါ်လာ ၁၀၀ နဲ့ လိမ်လည်ခဲ့တဲ့ အမျိုးသားက ဂျရမီကို ၈၅ ဒေါ်လာအတိအကျ ပြန်အမ်းခိုင်းခဲ့တယ်။ ဂျရမီက ငွေစက္ကူအတုဆိုတာကို ဓာတ်ဆီဆိုင်တစ်ခုမှာ သုံးဖို့ လုပ်တဲ့အချိန်မှာ သိခဲ့ရတယ်လို့ ရဲဌာနအရ သိရပါတယ်။

ရဲဌာနတင်ထားတဲ့ ကလေးလေးကို ငွေစက္ကူအတုနဲ့ လိမ်လည်ခဲ့တဲ့ သံသယရှိသူရဲ့ပုံ

ဂျရမီရဲ့အိမ်နီးနားချင်းတစ်ဦးဖြစ်တဲ့ အာမီက GoFundMe ထောင်ပြီး ရန်ပုံငွေရှာပေးဖို့ လုပ်ခဲ့ပါတယ်။ အာမီက ဂျရမီလေး သံပုရာရည်ဆိုင်လေး အောင်အောင်မြင်မြင်နဲ့ ပြန်ဖွင့်နိုင်ဖို့ မျှော်လင့်ချက်နဲ့ GoFundMe ကို ထောင်ပေးခဲ့တာပါ။ အာမီရဲ့ပြောစကားအရ ဂျရမီက သံပုရာရည်ဆိုင်လေးဖွင့်ထားတဲ့၊ အိမ်နီးနားချင်းတွေရဲ့ခြံထဲက မြက်တွေရိတ်ပေးတဲ့၊ ဆောင်းရာသီဆို နှင်းတွေကို လှည်းကျင်းပေးတဲ့ အလုပ်ကြိုးစားတဲ့ကောင်လေးတစ်ယောက်ပါ။ အနာဂတ်မှာ ကိုယ်ပိုင် Vending Machine လုပ်ငန်းပိုင်ဆိုင်ချင်တဲ့ စိတ်ကူးအိပ်မက်ရှိနေတာပါ။

ဂျရမီ ဆုံးရှုံးလိုက်ရတာကို ပြန်ရရှိဖို့အတွက် ရန်ပုံငွေပမာဏက ဒေါ်လာ ၂၅၀ ပဲ သတ်မှတ်ထားခဲ့တာပါ။ ဒါပေမဲ့ ရက်ရောတဲ့အလှူရှင်တွေကြောင့် မျှော်မှန်းထားတဲ့ ဒေါ်လာ ၂၅၀ ထက်ပိုပြီး ဒေါ်လာ ၂၅၀၀၀ ရရှိခဲ့ပါတယ်။ ဂျရမီကို ကူညီလှူဒါန်းပေးကြတဲ့သူတွေကြောင့် ဂျရမီရဲ့မိသားစုက ဝမ်းသာမဆုံး၊ ကျေးဇူးတင်မဆုံးဖြစ်ခဲ့ကြပါတယ်။ အခုဆို ဂျရမီက အလုပ်တွေပြန်လုပ်ပြီး ပိုက်ဆံရှာနေပါပြီ။

Ref: Upworthy “Man scams boy selling lemonade with fake $100 bill, community responds by raising $25K for him”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top