ကေပေါ့ပ်အဆိုတော် Chungha ကိုဗစ်ကူးစက်ခံရ..ထိတွေ့မိသူတွေကို ဆက်လက်စစ်ဆေးနေ

8-12-2020-yyl-011.jpg

ကေပေါ့ပ်လောကရဲ့တစ်ကိုယ်တော်အဆိုတော် Chungha ဟာ ကိုဗစ်ရောဂါပိုးကူးစက်ခံနေရတယ်လို့ သူ့ရဲ့အေဂျင်စီ MNH Entertainment က မနေ့က အတည်ပြုပြောကြားခဲ့ပါတယ်။ အဆိုအဖွဲ့ (၂) ဖွဲ့ဖြစ်တဲ့ Up1Otion နဲ့ Everglow အဖွဲ့ဝင်တွေ ကိုဗစ်ပိုးတွေ့ရှိတယ်လို့ ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့ပြီးတဲ့နောက်မှာ Chungha က ရောဂါပိုးစစ်ဆေးခံရမယ့် ကေပါ့ပ်စတားတွေထဲမှာ ပါဝင်ခဲ့တာပါ။ Chungha အပါအဝင် ကေပေါ့ပ်စတားတွေအကုန်လုံးက သီးခြားနေထိုင်နေရပြီး သူတို့နဲ့အဆက်စပ်ရှိတဲ့သူတွေကလည်း ရောဂါပိုးစစ်ဆေးခံနေရပါတယ်။ ဒါပေမဲ့ အဲဒီလိုစစ်ဆေးမှုတွေပြုလုပ်နေတဲ့ကြားထဲက ကေပေါ့ပ်လောကအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်က ပျံ့နှံ့သွားခဲ့တာပါ။

မနေ့ကလည်း Chungha နဲ့ Twice အဖွဲ့ဝင် Sanaတို့ ထိတွေ့ဆက်ဆံမှုရှိခဲ့ဖူးတဲ့အတွက် Twice မိန်းကလေးအဆိုတော်အဖွဲ့ကလည်း ကိုဗစ်ရောဂါပိုးစစ်ဆေးမှုခံယူနေတယ်လို့ JYP Entertainment က ကြေညာခဲ့ပါတယ်။ ဒီနေ့မှာတော့ Twice အဖွဲ့ဝင်ရဲ့ဆေးစစ်ချက်အဖြေထွက်လာခဲ့ပါပြီ။ အဖွဲ့ဝင်တွေအကုန်လုံး ရောဂါပိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။ ဒါပေမဲ့ Sana ကတော့ ကျန်းမာရေးအာဏာပိုင်တွေရဲ့ညွှန်ကြားချက်ကို လိုက်နာရမှာဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့အထိ Quarantine ခံယူရမှာဖြစ်ပါတယ်။

Twice အဖွဲ့က ကိုရီးယားနိုင်ငံရဲ့အကြီးဆုံးဂီတဆုပေးပွဲ Mnet Asian Music Awards ပွဲကို တနင်္ဂနွေနေ့က တက်ရောက်ခဲ့ကြပါသေးတယ်။ အဲဒီလိုတက်ရောက်ခဲ့တဲ့အတွက် အဲဒီအဖွဲ့နဲ့ထိတွေ့ဖူးတဲ့၊ အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ မိန်းကလေးအဆိုအဖွဲ့ Iz*One ကလည်း ရောဂါစစ်ဆေးရမယ်ဆိုတဲ့ကြေညာချက်ထွက်ခဲ့တဲ့အပြင် သူတို့ရဲ့အယ်ဘမ်အသစ်အတွက် Promotion ပွဲတွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

အသက် ၂၄ နှစ် အဆိုတော် Chungha က အတည်ပြုလူနာနဲ့ ထိတွေ့မိခဲ့တယ်လို့ ဒီဇင်ဘာလအစောပိုင်းမှာ အသိပေးခဲ့ပြီး ရောဂါစစ်ဆေးမှုခံယူခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဆေးစစ်ချက်အဖြေကို မနေ့ကမနက်ခင်းပိုင်းက လက်ခံရရှိခဲ့တာပါ။ သူနဲ့ထိတွေ့မိခဲ့သူတွေကိုလည်း ရောဂါပိုးစစ်ဆေးမှုခံယူဖို့ သတိပေးနေပါတယ်။

လက်ရှိမှာတော့ တောင်ကိုရီးယားနိုင်ငံကလည်း ကိုဗစ်ရောဂါဖြစ်ပွားမှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံနေရပါတယ်။ အခုဆိုရင် ကိုဗစ်ရောဂါပျံ့နှံ့မှုက ကေပေါ့စ်သီချင်းတွေနဲ့ကိုရီးယားဇာတ်ကားတွေနဲ့လူသိများနာမည်ကြီးတဲ့ကိုရီးယားနိုင်ငံရဲ့ ဖျော်ဖြေရေးလောကအထိရောက်ရှိလာနေပါပြီ။ ၂၀၂၀ခုနှစ်အတွင်းမှာ ကိုဗစ်ရောဂါကြောင့် ကေပေါ့ပ်ဖျော်ဖြေပွဲ၊ ဆုပေးပွဲတွေကို အွန်လိုင်းကနေပဲ ကျင်းပခဲ့ရပါတယ်။ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ Mnet Asian Music Awards ဆုပေးပွဲကို ပရိသတ်တွေအတွက် အွန်လိုင်းကနေ တင်ဆက်ပေးခဲ့ပြီး ပွဲကို တက်ရောက်ခဲ့တဲ့အနုပညာရှင်တွေကလည်း Mask ကို မဖြစ်မနေဝတ်ဆင်ကြရပြီး အနုပညာရှင်တွေက ဆုယူရရင်လည်း Mask ကို ဝတ်ဆင်ထားပြီး ယူခဲ့ရတာဖြစ်ပါတယ်။

ဖျော်ဖြေရေးလောကမှာ ပြောင်းလဲမှုတွေဖြစ်နေတဲ့အတွက် ကျင်းပဖို့ စီစဉ်ထားတဲ့ BTS ရဲ့ New Year’s Eve Concert ကို အွန်လိုင်းကနေရော အပြင်ကနေပါ မကျင်းပတော့ဘူးလို့ Big Hit Entertainment က ကြေညာခဲ့ပါတယ်။ အစကတော့ BTS နဲ့အတူ GFriend, TXT, Nu’Est, Enhypen နဲ့အခြားအနုပညာရှင်တွေ ဖျော်ဖြေတင်ဆက်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။ အခြားအနုပညာရှင်တွေကလည်း ကျင်းပဖို့စီစဉ်ထားတဲ့ Concert ပွဲတွေကို ဖျက်သိမ်းလိုက်ပါပြီ။ ဒီဇင်ဘာလဆိုတာ တောင်ကိုရီးယားနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်းလိုလို ဖျော်ဖြေပွဲတွေကျင်းပတဲ့ရာသီဖြစ်ပါတယ်။

Chungha က ဇန်နဝါရီ ၄ ရက်နေ့မှာ သူ့ရဲ့ပထမဆုံးအယ်ဘမ် Querencia ထွက်ရှိဖို့စီစဉ်ထားတာပါ။ အခုတော့ ထွက်ရှိမယ့်အစီအစဉ်ကို ပြောင်းလဲသွားမှာလားဆိုတာကိုတော့ မသိရသေးပါဘူး။ Chungha ကိုဗစ်ကူးစက်ခံရတဲ့သတင်းထွက်ရှိပြီးတဲ့နောက်မှာ Chunghaရဲ့နာမည်က တောင်ကိုရီးယားနိုင်ငံရဲ့အင်တာနက်စာမျက်နှာမှာ Trend ဖြစ်နေပါတယ်။

Ref: AsiaOne “K-pop star Chungha confirmed to have Covid-19, Twice member Sana undergoing testing as industry coronavirus scare widens”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top