ရှုံးနိမ့်မှုများစွာ ရင်ဆိုင်ခဲ့ရပြီးမှ ကမ္ဘာကျော်သရုပ်ဆောင်ဖြစ်လာခဲ့ရတဲ့ မစ္စတာဘင်း

5-5-2022-yyl02.jpg

မစ္စတာဘင်းလို့ လူအများကခေါ်တဲ့ ဟာသသရုပ်ဆောင်မင်းသား၊ စာရေးဆရာ ရိုဝမ်အက်ကင်ဆန်အတွက် ကမ္ဘာကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့ လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ ကျရှုံးမှုတွေ၊ ငြင်းပယ်ခံရမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတယ်။ အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့ပေမဲ့ ဘယ်တော့မှ အရှုံးမပေးခဲ့ဘဲ သူ ဝါသနာပါရာကို ဆက်လက်ကြိုးစားပြီး အောင်မြင်အောင် လုပ်ခဲ့တယ်။

ရိုဝမ်အက်ကင်ဆန်ရဲ့ဘဝအစကို ပြောရရင် သူဟာ လူလတ်တန်းစားမိသားစုက​နေမွေးဖွားခဲ့တယ်။ ငယ်စဉ်ကလေးဘဝမှာ စကားပြောချို့ယွင်းခဲ့တယ်။ ဒါက သူ့ငယ်ဘဝနဲ့ အသက်မွေးဝမ်းကြောင်းဘဝကို ခက်ခဲစေခဲ့တယ်။ သူ စကားထစ်တဲ့အတွက် အလွန်ဒုက္ခရောက်ခဲ့ရတယ်။ သူ့ရုပ်ရည်နဲ့ စကားပြောချို့ယွင်းမှုကြောင့် အမြဲ အနိုင်ကျင့်လှောင်ပြောင်ခံခဲ့ရတယ်။ အဲဒါကြောင့်ပဲ သူ ကြောက်ရွံ့ပြီး တွန့်ဆုတ်တက်လာတယ်။ သူငယ်ချင်းအများကြီးမရှိဘဲ ပစ်ပယ်ခံရတာကြောင့် အထီးကျန်ဆန်ခဲ့ရတယ်။

ရိုဝမ်က သိပ္ပံပညာကို အရမ်းစိတ်ပါဝင်စားခဲ့တဲ့အတွက် အဲဒီနယ်ပယ်မှာ အသက်မွေးဝမ်းကျောင်းပြုမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ဆရာတစ်ယောက်ကဆိုရင် “သူနဲ့ပတ်သက်ပြီး ဘာမှထူးထူးခြားခြားမရှိဘူး။ သူ့ကို အံ့သြရလောက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်လာဖို့ ကျွန်တော် တကယ်မမျှော်လင့်ဘူး”တဲ့။ အောက်စဖို့ဒ်တက္ကသိုလ်မှာ ဝင်ခွင့်ရတဲ့အချိန်မှာ သူ့ကို အထင်သေး၊ အမြင်သေးနဲ့ ပစ်ပယ်ခဲ့တဲ့ လူတိုင်း မှားယွင်းတယ်ဆိုတာ သက်သေပြခဲ့တယ်။

အောက်စဖို့ဒ်မှာ ကျောင်းတက်နေစဉ်အတွင်း သူ သရုပ်ဆောင်ပိုင်းစိတ်ဝင်စားတယ်ဆိုတာ စတင်နားလည်လာခဲ့တယ်။ ဒါပေမဲ့ သရုပ်ဆောင်လုပ်ကြည့်ဖို့ အရမ်းစိတ်အားထက်သန်ခဲ့ပေမဲ့ စကားထစ်တာက သူ့လမ်းကြောင်းမှာ အကြီးမားဆုံးအဟန့်အတားဖြစ်ခဲ့တယ်။ ဒါကြောင့် သရုပ်ဆောင်တာကို ခဏဘေးဖယ်ထားပြီး လျှပ်စစ်အင်ဂျင်နီယာမေဂျာနဲ့ မဟာဘွဲ့ရအောင် ဆက်လက်ကြိုးစားခဲ့တယ်။ မဟာဘွဲ့ရပြီးတဲ့နောက် သရုပ်ဆောင်တာက သူ တကယ်လုပ်ချင်တဲ့အရာဆိုတာကို သိခဲ့တယ်။

သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်တွေနောက်လိုက်ဖို့ ကြိုးစားခဲ့တယ်။ ဟာသအဖွဲ့တစ်ဖွဲ့မှာ သူကိုယ်တိုင် စာရင်းသွင်းခဲ့ပေမဲ့ သူ့အတွက် စကားထစ်တာက အတားအဆီးဖြစ်ခဲ့ပြန်တယ်။ ဒီအတားအဆီးကို ကျော်လွှားဖို့ အလွန်ခက်ခဲတယ်ဆိုတာ သိရှိသွားခဲ့တယ်။ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပေမဲ့ ကိုယ့်ကိုယ်ကိုယုံကြည်ချက်ထားခဲ့တယ်။ တီဗီရှိုးပေါင်းများစွာအတွက် အသံ၊သရုပ်စစ်ဆေးမှုခံယူခဲ့ပေမဲ့ ပယ်ချခံခဲ့ရတယ်။ သူ့မှာ စကားထစ်တဲ့ပြဿနာအပြင် ချောမောတဲ့မျက်နှာအသွင်အပြင်နဲ့ ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အချိုးအစားမရှိတဲ့အတွက်ကြောင့် ဆက်ပြီး ငြင်းပယ်ခံခဲ့ရတယ်။

ရိုဝမ်က သူ ဖြစ်ချင်တဲ့အရာကို ဆက်လက်ထိန်းထားပြီး သူ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တယ်။ သူက လူတွေကို ရယ်မောပျော်ရွှင်စေဖို့ ရည်ရွယ်ခဲ့တယ်။ နှစ်တော်တော်ကြာ မဆုတ်မနစ်ကြိုးစားအားထုတ်မှုကြောင့် အဲဒီအရာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်။ အကြိမ်ကြိမ် ငြင်းပယ်ခံရပြီးတဲ့နောက် မူရင်းဟာသဇာတ်လမ်းတိုတွေကို ဖန်တီးခဲ့တယ်။ ရိုဝမ်က ဇာတ်ကောင်တချို့တလေကို သရုပ်ဆောင်တဲ့အခါဆိုရင်တော့ စကားမထစ်ဘဲ ကောင်းကောင်းပြောနိုင်တယ်။ အဲဒါက သူ သရုပ်ဆောင်လုပ်ဖို့အတွက် လှုံ့ဆော်မှုတစ်ခုဖြစ်ခဲ့တယ်။ အဲဒီလိုနဲ့ ရိုဝမ်ရဲ့ဘဝ ပြောင်းလဲသွားခဲ့တယ်။

အခက်အခဲအတားအဆီးတွေ၊ ငြင်းပယ်ခံရမှုတွေ ကြုံခဲ့ရပေမဲ့ သူ့အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်ခဲ့တယ်။ သူ့ရဲ့ကိုယ်ပိုင်ရှိုး “မစ္စတာဘင်း” စတင်ခဲ့တဲ့အချိန်မှာ အောင်မြင်မှုများစွာ ရရှိခဲ့တယ်။ မစ္စတာဘင်းက ထူးခြားပြီး စကားမပြောတဲ့ ဇာတ်ကောင်ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလိုဇာတ်ကောင်နဲ့တောင် ကမ္ဘာ့တစ်ဝှမ်းမှာ အောင်မြင်မှုရတယ်ဆိုတာကို သက်သေပြခဲ့တယ်။ သူ့အိပ်မက်တွေအပေါ် ယုံကြည်ချက်ထားဖို့ ဘယ်တော့မှ ပင်ပန်းတယ်လို့ မရှိခဲ့ဘူး။ သူ့ရဲ့အသက်မွေးဝမ်းကြောင်းမှာ အတက်အကျတွေရှိခဲ့ပေမဲ့ နောက်မဆုတ်ဘဲ ရှေ့ဆက်သွားခဲ့လို့ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၁၅၀ ရှိတဲ့ ကမ္ဘာကျော်သရုပ်ဆောင်ဖြစ်လာခဲ့တာပါပဲ။

ရိုဝမ်က “ဝိုင်းပယ်ခံရခြင်း” ကို “နာကျင်စေဖို့ တစ်စုံတစ်ယောက်ကို ရှာဖွေနေတဲ့ ရက်စက်ဆိုးသွမ်းတဲ့လူအုပ်ကြီး” နဲ့ နှိုင်းယှဉ်ထားပါတယ်။ ရိုဝမ်ပေးတဲ့ ဘဝသင်ခန်းစာက “ဘဝမှာ အောင်မြင်ဖို့အတွက် အရေးကြီးဆုံးအရာတွေက ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လရှိမှု၊ အလွယ်တကူ အရှုံးမပေးမှုတွေပါ။ တကယ်လိုအပ်တာကတော့ ကြိုးစားအားထုတ်မှုပါပဲ။ ဘဝကို ကြောက်ရွံမှု၊ အားနည်းချက်တွေနဲ့ မဖျက်ဆီးမိပါစေနဲ့။ ဒါတွေကို ကျော်လွှားပြီး ပိုကောင်းအောင်လုပ်ပါ။ ကြိုးစားအားထုတ်မှုတွေက တစ်နေ့ကျရင် သေချာပေါက် အောင်မြင်လာစေမှာပါ”တဲ့။

Ref: The Dreamer “Net Worth $150 Million – Inspiring Success Story of Rowan Atkinson [Mr. bean]”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top