ထီပေါက်တဲ့ငွေတွေကို မျှဝေသုံးစွဲပေးမယ့် လက်တွဲဖော်ကို ရှာဖွေနေတဲ့ အမျိုးသား

8-11-2022yyl49.jpg

ဂျာမနီနိုင်ငံ၊ ဒေါ့မွန်မြို့က ကာဆက် ယီဒီရင် ဆိုတဲ့အမျိုးသားဟာ စက်တင်ဘာ ၂၄ ရက်နေ့က ပေါင် ၈.၆ သန်းကျော် ထီပေါက်ခဲ့ပါတယ်။ ထီပေါက်တော့ အချိန်ဆွဲမနေတော့ဘဲ သူ လုပ်နေတဲ့ စတီးစက်ရုံကနေ ချက်ချင်း အလုပ်ထွက်ခဲ့ပါတယ်။ အလုပ်ကနေ ထွက်ခဲ့တဲ့အပြင် ပေါင် ၃၉၂,၀၀၀ တန် Ferrari 448 Pista ကားနဲ့ ပေါင် ၂၁၈,၀၀၀ တန်ဖိုးရှိတဲ့ Porsche Turbo S Cabriolet ကိုလည်း ဝယ်ခဲ့တာပါ။

အခုဆို အသက် ၄၁ နှစ်အရွယ် ကာဆက်က သူ့ရဲ့ငွေတွေကို အတူသုံးစွဲပေးမယ့် လက်တွဲဖော်ကို ရှာဖွေနေပါတယ်။ သူက ဂျာမန်သတင်းစာ Bild မှာ အင်တာဗျူးဖြေကြားတဲ့အချိန် သူ ဆင်ဂယ်ဖြစ်တယ်ဆိုတဲ့အချက်ကို သတင်းစာမှာပါအောင် ထည့်ပေးဖို့ ပြောကြားခဲ့ပါတယ်။ သူ ရှာနေတဲ့ အမျိုးသမီးက အသားမည်းလည်း ကိစ္စမရှိပါဘူးလို့ သူက ဆိုပါတယ်။ သူက ချစ်ချင်တာပါ။ ခရီးထွက်ရတာ ကြိုက်ပြီး သူနဲ့အတူ မိသားစုထူထောင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အမျိုးသမီးတစ်ဦးကို ရှာဖွေနေပါတယ်။

ဘာပဲဖြစ်ဖြစ် သူ ယုံကြည်လို့ရနိုင်မယ့် အမျိုးသမီးတစ်ယောက်ကို လိုအပ်ပါတယ်တဲ့။ ကာဆက်က အလားအလာရှိတဲ့ အမျိုးသမီးတွေနဲ့ အဆက်အသွယ်လုပ်ဖို့ အီးမေးလ်လိပ်စာတစ်ခုကိုလည်း ဖွင့်ပြီးသွားပါပြီ။ ဒါပေမဲ့ သူက ငွေအမြန်ရှာလိုတဲ့၊ ငွေလိုချင်တဲ့ အမျိုးသမီးတွေကို သတိထားမှာပါ။

သူ ထီဆုကြီးပေါက်တဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ တင်တာ နောင်တမရဘူးလို့ သူက ဆိုပါတယ်။ “လူတိုင်း သိသင့်တယ်။ ၉၀ ရာခိုင်နှုန်းလောက်က မနာလိုဖြစ်ပြီး ကျွန်တော်က ဒါနဲ့ မတိုက်တန်ဘူးလို့ ထင်ကြတယ်။ ဒါပေမဲ့ ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော့်ကို ယုံပါ။ အရင်က ကျွန်တော့်ဘဝကို ကျွန်တော် ဘယ်တော့မှ မေ့သွားမှာမဟုတ်ပါဘူး။ ကျွန်တော်က အလုပ်သမားလူတန်းစားပါ။ မာနကြီးဘဝင်မြင့်တဲ့လူတစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး”လို့ သူက ဆိုပါတယ်။ သူဝယ်ယူခဲ့တဲ့ကားတွေအကြောင်း မေးတော့ သူ့ကို မုန်းတီးတဲ့သူတွေကြောင့် အဲဒါတွေကို ဝယ်ခဲ့တာပါတဲ့။ သူနဲ့မိသားစုထူထောင်မယ့် အမျိုးသမီးကို စောင့်ဆိုင်းရင်း ကာဆက်က ဆက်ပြီး ထီထိုးနေပါတယ်။

ကာဆက်က ထီပေါက်တာနဲ့ပတ်သက်ပြီး ကောင်းတဲ့အရာက လူအများကြီးကို ပျော်ရွှင်အောင်လုပ်ပေးနိုင်တာပါပဲတဲ့။ သူ့ရဲ့မိဘတွေနဲ့ သူ့ညီအစ်ကိုမောင်နှမတွေကို ပိုက်ဆံတွေ ချက်ချင်း လွှဲပေးလိုက်တယ်လို့ သူက ပြောပါတယ်။ ကာဆက်က ရေတွင်းတွေ တူးပေးဖို့ အာဖရိကကို သွားချင်နေတဲ့အပြင် အဲဒီက ကလေးတွေကိုလည်း လက်ဆောင်တွေပေးချင်နေပါတယ်။ သူက ကောင်းတဲ့အရာတွေ လုပ်ခွင့်ရဖို့ ဘုရားသခင်ဆီ ဆုတောင်းဖြစ်ပါတယ်တဲ့။

Ref: Ladbible “Man who won £8.6 million on lottery looking for wife to share riches”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top