သူ့သခင်ရဲ့ဆိုင်ကို ဘက်စ်ကားစီးပြီး အလည်လာလေ့ရှိတဲ့ ခွေးလေး

8-11-2022yyl50.jpg

ဒန်ဗာဆိုတဲ့ ခွေးလေးဟာ သူ့သခင်ရဲ့ဆိုင်ကို အလည်လာဖို့အတွက် အများပြည်သူသုံးဘတ်စ်ကားကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ သိတဲ့အတွက် လူမှုကွန်ယက်အသုံးပြုသူတွေရဲ့စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ အဲဒီခွေးလေးက အီကွေဒေါနိုင်ငံကပါ။ သူ့သခင်ရဲ့အိမ်မွေးတိရစ္ဆာန်နဲ့ဆက်စပ်ပစ္စည်းအရောင်းဆိုင်အနီးနားက မှတ်တိုင်မှာ ဆင်းတဲ့ ဒန်ဗာရဲ့ဗီဒီယိုက လူမှုကွန်ယက်မှာ မျှဝေခဲ့ပြီး ရက်အနည်းငယ်အကြာမှာ လူသိများသွားခဲ့တာပါ။ လူမှုကွန်ယက်အသုံးပြုသူတွေက ခွေးလေးက ဘယ်မှတ်တိုင်မှာ ဆင်းရမလဲဆိုတာ ဘယ်လိုသိတာလဲဆိုပြီး တအံ့တဩဖြစ်ခဲ့ကြပါတယ်။

လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ဗီဒီယိုမှာ တွေ့ရတဲ့ ဒန်ဗာ ဘတ်စ်ကားစီးပြီး ဆိုင်ကို အလည်လာတာဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ ဒန်ဗာရဲ့သခင် ဂလက်ဒီ ရှီဂလာက ပြောပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်က ဒန်ဗာဟာ အိမ်နီးနားချင်းတစ်ဦးရဲ့နောက်ကလိုက်ပြီး ဘတ်စ်ကားပေါ်တက်ကာ အဲဒီအမျိုးသမီးရဲ့ဘေးမှာ ထိုင်လိုက်ခဲ့တာကနေ စတင်ခဲ့တာပါ။ အဲဒီအမျိုးသမီးက ဒန်ဗာ လမ်းမပျောက်ဖို့အတွက် သူ့သခင်ရဲ့ဆိုင်ဘေးက မှတ်တိုင်မှာ ဆင်းလို့ရအောင်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဂလက်ဒီက ဒန်ဗာကို ပြီးခဲ့တဲ့နှစ်က မွေးစားခဲ့တာပါ။ သူ့ရဲ့မိသားစုဝင်ဖြစ်လာကတည်းက ဒန်ဗာဟာ အိမ်အနီးနားတစ်ဝိုက် စူးစမ်းရတာ၊ စွန့်စားသွားလာရတာတွေ ကြိုက်တယ်ဆိုတာကို ဂလက်ဒီ သိခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဒန်ဗာက အိမ်အနီးနားတင်မဟုတ်တော့ဘဲ အခြားနေရာတွေကိုပါ သွားလာခဲ့ပါတယ်။ ဘတ်စ်ကား ဘယ်လိုစီးရလဲဆိုတာကိုလည်း သင်ယူနိုင်ခဲ့ပါတယ်။ ဒန်ဗာအတွက် ဘတ်စ်ကားစီးပြီး သူ့သခင်ရဲ့ဆိုင်ကို အလည်လာတာက အလေ့အထတစ်ခုလိုဖြစ်ခဲ့ပါတယ်။ ဒန်ဗာက ဒေသတွင်းသတင်းစာ၊ မဂ္ဂဇင်းတွေမှာလည်း ဖော်ပြခံခဲ့ရပါတယ်။ အခုဆို ဘတ်စ်ကားမောင်းသမားတွေကတောင် ဒန်ဗာ ဘယ်နေရာမှာ ဆင်းမလဲဆိုတာကို သိနေပါပြီ။

ဗီဒီယိုကြည့်ရှုရန် – shorturl.at/vTZ12

Ref: Upworthy “Clever dog figures out how to ride the bus alone to surprise his human at work”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top