လူနာတွေအတွက် အကျိုးများစေခဲ့တဲ့ မက်ကူဘန်ရဲ့ အွန်လိုင်းဆေးဆိုင်

28-9-2022yyl02.jpg

အမေရိကန်ဘီလျံနာ မက်ကူဘန်ဆိုတာ ၁၂ နှစ်သားအရွယ်ကတည်းက စီးပွားရေးလုပ်လာတဲ့သူ။ အဲဒီတုန်းက ဈေးကြီးတဲ့ ဘက်စကတ်ဘောဖိနပ်တစ်ရံဝယ်ချင်နေတာ။ သူ့မိဘတွေကလည်း အလုပ်သမားလူတန်းစားပဲဆိုတော့ ပိုက်ဆံမတတ်နိုင်ဘူး။ ဒီတော့ ကူဘန်က မိဘတွေဆီက မုန့်ဖိုးမတောင်းဘူး။ သူ့ဘာသာသူ ပိုက်ဆံရှာတယ်။ သူက အမှိုက်အိတ်တွေ ရောင်းရာကနေ ရတဲ့အမြတ်နဲ့ ဖိနပ်ဝယ်ခဲ့တာပါ။

နောက်တော့ တံဆိပ်ခေါင်းတွေ၊ စာအိတ်တွေ ရောင်းရင်း ပိုက်ဆံရှာတယ်။ ကောလိပ်တက်တော့လည်း ကျောင်းဝန်းထဲတောင် သွားမကြည့်ဘဲနဲ့ ကယ်လီစီးပွားရေးကျောင်းကို ရွေးလိုက်တယ်။ ဘာလို့လဲဆိုတော့ ထိပ်တန်းစီးပွားရေးကျောင်း ၁၀ ကျောင်းစာရင်းမှာ ကယ်လီစီးပွားရေးကျောင်းက ကျောင်းစရိတ် အသက်သာဆုံးမို့လို့ပါတဲ့။

သူက စွန့်ဦးတီထွင်လုပ်ငန်းရှင်။ မီဒီယာလုပ်ငန်းနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေလုပ်ပြီး Dallas Mavericks ဘတ်စကတ်ဘော အသင်းပိုင်ရှင်။ တက်သစ်စစီးပွားရေးလုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံတယ်။ စီးပွားရေးအကွက်မြင်သလို လူ့အဖွဲ့အစည်းရဲ့ ကွက်လပ်တချို့ကို ဖြည့်ဆည်းပေးနိုင်ဖို့လည်း သူ ကြိုးစားခဲ့တယ်။ သူ့ရဲ့လုပ်ဆောင်မှုတွေထဲမှာ သဘောကျစရာ အကောင်းဆုံးကတော့ အွန်လိုင်းဈေးဆိုင်ဖွင့်လှစ်မှုပါပဲ။ လူနာတွေအတွက် အကျိုးများစေခဲ့ပါတယ်။

ဆေးဝါး ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရေးလုပ်ငန်းမှာ ကြားခံအဆင့်တွေကို ကျော်လွှားပြီး အလားတူဆေး(generic drug)တွေ ဈေးချိုချိုနဲ့ ရောင်းချပေးရင် လူ့အသက်တွေကို ကယ်တင်နိုင်မယ်လို့ သူ တွေးမိတယ်။ ပုံမှန်အားဖြင့် ဆေးဝါးလုပ်ငန်းမှာ မူရင်းဈေးနှုန်းထက် ၁ ဆ (၁၀၀ ရာခိုင်နှုန်း) အမြတ်တင်ရောင်းချလေ့ရှိပေမဲ့ မက်ကူဘန်ကတော့ အလားတူဆေးတွေကို အမြတ် ၁၅ ရာခိုင်နှုန်းနဲ့ပဲ ရောင်းချပေးနေတာပါ။

ပုံမှန်အားဖြင့် လက်လီဈေးကွက်မှာ ဒေါ်လာ ၂၅၀၀ ဝန်းကျင်ပေးရတဲ့ သွေးကင်ဆာကုသဆေး Imatinib ရဲ့ အလားတူဆေးဟာ မက်ကူဘန်ရဲ့ အွန်လိုင်းဆေးဆိုင်မှာတော့ ၁၅ ဒေါ်လာဝန်းကျင်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။

Ref: Mark Cuban, Cost Plus Drug Company

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top