ကျောင်းသား၊ ကျောင်းသူအားလုံးသဘောတူရင် CCTV ကင်မရာတွေ တပ်ဆင်သွားမယ်လို့ ဝန်ကြီးချုပ်ပြော

img2-10.jpg

ရန်ကုန်တက္ကသိုလ်နယ်မြေ လုံခြုံရေးကိစ္စတွေကို အလေးအနက်ထားဖြေရှင်းပေးစေချင်တယ်ဆိုတဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူအားလုံး သဘောတူမယ်ဆိုရင် CCTV ကင်မရာတွေ တပ်ဆင်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ဒီပြောကြားချက်ကို စက်တင်ဘာ ၃ ရက်၊ မွန်းလွဲ ၁ နာရီက ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမမှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တက္ကသိုလ် ၆ ခုက ကျောင်းသား၊ ကျောင်းသူတွေ တွေ့ဆုံပွဲမှာ ပြောကြား လိုက်တာ ဖြစ်ပါတယ်။
”တချို့ကိစ္စတွေက လွတ်လပ်ခွင့်နဲ့ ထိန်းချုပ်မှုက ပြောင်းပြန်ဖြစ်တယ်။ ထိန်းချုပ်မှုများရင် လွတ်လပ်ခွင့် ပျောက်မယ်။ တက္ကသိုလ်ဖြစ်တဲ့အတွက် သတိထားပြီး ဆောင်ရွက်နေရတယ်။ ဒါပေမဲ့ ကျောင်းသား၊ ကျောင်းသူ တွေ၊ ဆရာ၊ ဆရာမတွေ အားလုံးက သဘောတူမယ်ဆိုရင် (CCTV)တပ်မယ်”လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ရန်ကုန်တက္ကသိုလ်နယ်မြေမှာ ကျောင်းသား၊ ကျောင်းသူတွေကို ကာအိန္ဒြေပျက်ပြားအောင် နှောက်ယှက် ခံရတာတွေနဲ့ပတ်သက်ပြီး လုံခြုံရေးကိစ္စတွေကို အလေးအနက်ထားဖြေရှင်းပေးဖို့အတွက် ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂက ဇူလိုင်လအတွင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

”ကျွန်တော်တို့ စကားတွေပြောထားပြီးသား။ တပ်ဖို့လည်း လုပ်နေပြီ။ တရုတ်ကနေ မှာတာလားမသိဘူး။ လမ်းကြောင်းက တိုက်ပွဲတွေရှိနေလို့ဆိုပြီး CCTV က မရောက်သေးဘူး”လို့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ နောင်ထက်အောင်က ရိုးရာလေးကို ပြောပါတယ်။
ရန်ကုန်တက္ကသိုလ်နယ်မြေတွေမှာ ကျောင်းသူတွေကို ကာအိန္ဒြေပျက်အောင် ပြောဆိုနှောက်ယှက်တာ တွေ၊ မဖွယ်မရာပြုမူခံရတာတွေ၊ ခြိမ်းခြောက်လုယက်ခံရတာတွေဖြစ်နေတဲ့အတွက် ညနေကျောင်းချိန်မှာဆိုရင် တစ်ဦးတည်းမသွားရဲလောက်အောင်ဖြစ်နေတယ်လို့ ကျောင်းသား၊ ကျောင်းသူတွေက ဆိုပါတယ်။

ရန်ကုန်တက္ကသိုလ်နယ်မြေ လုံခြုံရေးကိစ္စနဲ့ပတ်သက်ပြီး ကနဦးအနေနဲ့ သထုံလမ်းတစ်လျှောက်နဲ့ အခြားလမ်းသွယ်ကလေးတွေမှာ CCTV အလုံး ၃၀ ခန့် တပ်ဆင်သွားမယ်လို့ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ သိရပါတယ်။

Photo – Phyo Min Thein Facebook
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top