အမေရိကန်ခရီးသွားတစ်စုကို‌ အတည်ပေါက်နဲ့စနောက်ခဲ့တဲ့ ဘုရင်မကြီး အဲလစ်ဇဘက်သ်

img6-2.jpg

ဘယ်လ်မိုရယ် (Balmoral Estate) ရဲတိုက်စံအိမ်ရဲ့အနီးမှာ အေးအေးလူလူ လမ်းလျှောက်နေတဲ့ ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက်သ် (Queen Elizabeth II) က သူ့ကို Queen Elizabeth မှန်းမရိပ်မိဘဲစကားလာပြောခဲ့ကြတဲ့ အမေရိကန်ခရီးသွားတစ်စုကို ပြန်ပြီးအရွှန်းကျီစယ်ခဲ့ပါတယ်။

ဘုရင်မကြီး အဲလစ်ဇဘက်သ်ဟာ ကိုယ်ရံတော် ရစ်ချတ် ဂရစ်ဖင်း (Richard Graffin) နဲ့အတူ စကော့တလန်နိုင်ငံ၊ အဘာဒင်းရှိုင်းယားက ဘယ်လ်မိုရယ်ရဲတိုက်စံအိမ်တော်အနီးဝန်းကျင်မှာ လမ်းလျှောက်‌နေခဲ့ပါတယ်။ တစ်နေရာအရောက်တော့ ခရီးသွားလူတစ်စုက သူ့ဆီကိုလာပြီး မေးခွန်းတချို့‌မေးခဲ့ပါတယ်။

သူတို့စကားလာ‌ပြော‌နေတဲ့သူက ဘယ်သူရယ်လို့သိပုံမပေါ်တဲ့ အဲဒီအမေရိကန်လူမျိုးတွေဟာ ဘုရင်မကြီးကို ဒီအနီးအနားမှာ‌ပဲနေတဲ့သူ ဟုတ်၊ မဟုတ် ‌မေးခဲ့ပြီး ဘုရင်မကြီးက “ဟုတ်တယ်” လို့ ပြန်‌ဖြေတဲ့‌အခါ ဒီဒေသကအကြီးအကဲနဲ့‌‌တွေ့ဖူးလား လို့လည်း ထပ်‌စပ်စုခဲ့ကြပြန်ပါတယ်။ အဲဒီအခါမှာ နောက်‌ပြောင်ချင်စိတ်ပေါ်လာပုံရတဲ့ဘုရင်မကြီးက “မ‌တွေ့ဖူးဘူး…ဒါပေမဲ့ ဒီရဲသားက‌တော့ တွေ့ဖူးတယ်” လို့ ကိုယ်ရံတော် ရစ်ချတ်ကို လက်ညှိုးထိုးပြရင်း ‌‌ပြန်‌‌ဖြေခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဘုရင်မကြီးက သူ့ရဲ့ထသွားလာသွားအခါဝတ်ဆင်နေကျအတိုင်း ခေါင်းစည်းပုဝါနဲ့ သိုးမွေးပိတ်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားတာပါ။ ဒါတောင် စကားပြောပြီးပြန်ထွက်သွားချိန်ထိ သက်တော် (၉၃) နှစ်အရွယ် အင်္ဂလန်ပြည့်ရှင်ဧကရီကြီးနဲ့ စကားပြောခဲ့ရတယ်လို့ အမေရိကန်ခရီးသွားတွေက လုံးဝမသိသွားခဲ့ပါဘူး။

အခုအဖြစ်အပျက်ကို တော်ဝင်မိသားစုသက်တော်ရှည်ကိုယ်ရံတော်ကြီး ရစ်ချတ် ဂရစ်ဖင်းက Times မဂ္ဂဇင်းထံ ပြန်‌ပြောပြခဲ့တာဖြစ်ပါတယ်။ ဘယ်လ်မိုရယ်လ်စံအိမ်တော်မှာ မကြာခဏလာရောက်‌နေထိုင်တဲ့အခါတိုင်း ဘုရင်မကြီးက ထည်ထည်ဝါဝါနေလေ့မရှိတာကြောင့်လည်း အမေရိကန်ခရီးသွားတွေက သူ့ကိုမမှတ်မိခဲ့ကြတာဖြစ်နိုင်ပါတယ်။

Ref: Express “Cheeky Queen plays prank on oblivious American tourists – ‘This policeman has!”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top