ဆေးရုံတစ်ခုတည်းမှာ သူနာပြုတွေဖြစ်ကြတဲ့ သားအမိ (၂) ဦးဟာ ရှေ့တန်းကနေ COVID- 19 ကို အတူတူတွန်းလှန်နေကြပါတယ်။ အသက် (၆၀) အရွယ် စင်တီ ပတ်ကာလိုက ချီကာဂိုမြို့ရဲ့ Northwestern Memorial Hospital မှာ သူနာပြုအဖြစ် လုပ်ကိုင်ခဲ့တာ (၃၉) နှစ်ရှိပါပြီ။ သူ့ရဲ့သမီး ဂျက်ဆီကာ ဒီဘရိုကီကတော့ ငယ်ငယ်လေးကတည်းက သူ့မိခင်လိုဖြစ်ချင်တဲ့အတွက် ဆေးဘက်ဆိုင်ရာနယ်ပယ်ကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
“သမီးကို အလုပ်နဲ့ပတ်သက်ပြီး လုံခြုံမှုအမြဲတမ်းရှိတဲ့အတွက် သူနာပြုလုပ်သင့်တယ်လို့ အမေက ကျွန်မကို ပြောပါတယ်။ အမေ အိမ်ပြန်လာတဲ့အခါ တစ်နေ့တာဖြစ်ပျက်ခဲ့တဲ့ ကောင်းတဲ့အရာတွေကို ပြောပြပြီး အမေ စိတ်လှုပ်ရှားနေရတာကိုမြင်ရတာ အမြဲတမ်း ပျော်စရာကောင်းပါတယ်” လို့ ဂျက်ဆီကာက ပြောပါတယ်။ သူ့မိခင်ရဲ့အကြံဉာဏ်ကို ယူပြီး အမေခြေရာကို နင်းခဲ့ပြီး၂၀၁၀ခုနှစ်မှာ သူ့မိခင်ရဲ့ဆေးရုံမှာပဲ သူနာပြုဖြစ်လာခဲ့ပါတယ်။ ပတ်ကာလိုက အထူးကြပ်မတ်ခန်းမှာ လုပ်ကိုင်ရပြီး ဂျက်ဆီကာက နှလုံးကုသခန်းမှာ အလုပ်လုပ်ရပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက လုပ်နေကျအလုပ်မဟုတ်တော့ဘဲ ကိုရိုနာဗိုင်းရပ်စ်ကိုရှေ့တန်းက တွန်းလှန်ပေးနေရပါတယ်။ အခုဆိုရင် သားအမိ (၂)ယောက်လုံး နေ့တိုင်း အတူတူအလုပ်လုပ်နေကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက ကမ္ဘာတစ်ဝှမ်းက ကျန်းမာရေးဝန်ထမ်းတွေကို အလွန်ပင်ပန်းစေခဲ့ပါတယ်။ ပတ်ကာလိုရဲ့ ဆေးရုံက တချို့သူနာပြုတွေက တစ်ပတ်ကို (၅) ရက် (၁၂) နာရီအဆိုင်းနဲ့ အလုပ်လုပ်ရပြီး အဆိုင်းတစ်ခုချင်းစီမှာ (၁၀) မိုင်ကနေ (၂၀) မိုင်ထိ လမ်းလျှောက်ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းနွမ်းလျရသလို စိတ်ပိုင်းဆိုင်ရာအရလည်း စိတ်ပင်ပန်းရပါတယ်။ သူနာပြုတော်တော်များများက လူနာတွေရဲ့ဘေးမှာ သူတို့ရဲ့ နောက်ဆုံးအခိုက်အတန့်အတွက် နေပေးကြရပါတယ်။ သူတို့ရဲ့မိသားစုတွေက နှုတ်ဆက်စကားမပြောနိုင်ကြတာကို သိတဲ့အတွက်လို့ ပတ်ကာလိုကပြောပါတယ်။
“သူနာပြုတစ်ယောက်ရဲ့ဘဝကို နားလည်တဲ့တစ်စုံတစ်ယောက်ရှိတဲ့အတွက် အကူအညီဖြစ်ပါတယ်။ ကျွန်မမှာ အဲဒီလိုလူရှိပါတယ်။ ဘယ်လိုခံစားနေရတာလဲဆိုတာကို ပြောနိုင်ဖို့အတွက် မိသားစုရှိတဲ့ အရမ်းအကူအညီဖြစ်ခဲ့ပါတယ်” လို့ ဂျက်ဆီကာက ပြောပါတယ်။ ဒီကပ်ရောဂါအတွင်း သူ့သမီးနဲ့အတူရှိပြီး အလုပ်လုပ်ရတာက အခက်အခဲတွေကို ကျော်လွှားပစ်ဖို့အတွက် ပတ်ကာလိုအတွက် အကူအညီဖြစ်စေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်း အထူးကြပ်မတ်ကုသခန်းမှာ အတူတူအလုပ်ရတာက သူတို့ကို ပိုပြီးရင်းနှီးလာစေတဲ့အပြင် အချင်းချင်း မသိတဲ့အရာတွေကိုလည်း သိခွင့်ရခဲ့ပါတယ်။ “သမီးက စိတ်သဘောထားအရမ်းကောင်းတာကို ကျွန်မသိခဲ့ရပါတယ်။ လူတွေကို စိတ်သက်သာရအောင် သမီးလုပ်နေတာကို မြင်ရတာ ကျွန်မ ရှော့စ်ဖြစ်ရပါတယ်။ သူက ထူးကဲတဲ့ကလေးပါပဲ” လို့ ပတ်ကာလိုက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူ့မိဘတွေ နေမကောင်းဖြစ်မှာကို ဂျက်ဆီကာက စိုးရိမ်ခဲ့ပေမဲ့ သူ့အမေရဲ့အားပေးနှစ်သိမ့်ပေးမှုက သူ့စိတ်ကို သက်သာရာရစေခဲ့ပါတယ်။ သူတို့အတူတူအလုပ်လုပ်တဲ့အခါမှာ ပတ်ကာလိုနဲ့ ဂျက်ဆီကာတို့က လူနာတွေကို သူတို့က သားအမိတွေဆိုတာကို မကြာခဏပြောပြပါတယ်။ ပတ်ကာလိုနဲ့ ဂျက်ဆီကာက ကပ်ရောဂါအတွင်း သူတို့အချင်းချင်း ပေးဖြစ်တဲ့ အားပေးနှစ်သိမ့်မှုအတွက်ရော လူမှုအသိုင်းအဝိုင်းက ကျန်းမာရေးဝန်ထမ်းတွေကို ပေးတဲ့ ပံ့ပိုးမှုတွေအတွက်ပါ ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ သူ ဆေးရုံကနေ အိမ်ပြန်လာတဲ့ ပထမဆုံးညက သူတို့ရဲ့တိုက်ခန်းရှေ့မှာ ချီကာဂိုမြို့နေထိုင်သူတွေ သူတို့အတွက် လက်ခုပ်တီးပေးတာ မြင်ရတော့ ငိုခဲ့ရတယ်လို့ ဂျက်ဆီကာက ပြောပြပါတယ်။ “ကမ္ဘာကြီးက အရမ်းကောင်းပါတယ်။ ကျွန်မတို့ အဲဒီအတွက် ကျိုးကျိုးနွံနွံပင်ပန်းခံရပါမယ်။ ဒါက ကျွန်မတို့ရဲ့ဘဝပါပဲ။ ကျွန်မတို့ ရွေးချယ်လိုက်တဲ့အရာဖြစ်တဲ့အတွက် နေ့တိုင်းလုပ်မှာပါ”လို့ ပတ်ကာလိုက ပြောပါတယ်။
Ref: Meet mom and daughter working together as nurses: ‘I have someone that really gets it’
WL (ရိုးရာလေး)