(၂) နှစ်သမီးလေးက Mensa ရဲ့အငယ်ဆုံးအဖွဲ့ဝင်ဖြစ်လာ

17-7-2021-yyl-24.jpg

Mensa ဆိုတာက ကမ္ဘာ့အိုင်ကျူအမြင့်ဆုံးသူများအဖွဲ့ဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ ကယ်လီဖိုးနီးယားပြည်နယ်က ကလေးငယ်လေးဟာ အငယ်ဆုံးအမေရိကန်လူမျိုးအဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ ကာရှီ ကွက်တ် (Kashe Quest) ဆိုတဲ့ (၂) နှစ်သမီးလေးက IQ 146 နဲ့ အခုနှစ် မတ်လ ၂၉ ရက်နေ့မှာ Mensa အဖွဲ့ထဲကို ဝင်ရောက်ခဲ့တာပါ။ အဲဒီလိုဝင်ရောက်ခဲ့တဲ့အတွက် အငယ်ဆုံးအမေရိကန်လူမျိုးအဖွဲ့ဝင်ဖြစ်လာခဲ့ကြောင်း Mensa က Good Morning America ကို အတည်ပြုပေးခဲ့ပါတယ်။

” (၁၈) လလေးနဲ့ ဒီကလေးလေးက အက္ခရာ၊ ဂဏန်း၊ အရောင်၊ ပုံသဏ္ဍာန်တွေကို အတော်လေးကျွမ်းကျင်ပါတယ်။ ဒါက သူ့ရဲ့အသက်အရွယ်ထက် အတော်လေးရှေ့ကိုရောက်နေတယ်လို့ ကျွန်မ စပြီး သတိပြုမိခဲ့တာပါပဲ”လို့ ကာရှီရဲ့မိခင်က ဆိုပါတယ်။ သူ့ရဲ့မိခင်က ကလေးရဲ့ပညာရေးနဲ့ပတ်သက်ပြီး အိမ်ပတ်ဝန်းကျင်မှာ ရနိုင်တဲ့ အထောက်အပံ့တွေနဲ့ သင်ကြားပေးခဲ့တာပါ။ ကလေးကို အရမ်းကြီးတွန်းအားမပေးခဲ့ပါဘူးလို့ သိရပါတယ်။ “ကျွန်မတို့ သမီးလေးရဲ့သင်ယူမှုကို အကောင်အထည်ဖော်ပေးခဲ့တဲ့ ပုံစံက သူ့ကို ထိုင်ချဖို့နဲ့ တစ်ခုခုကို လုပ်ဖို့ သူ့ရဲ့သဘာဝအလျောက်စူးစမ်းချင်စိတ်ကို ကျော်လွန်ပြီးတော့ဘယ်တုန်းကမှ တွန်းအားမပေးခဲ့တာပါ”လို့ ပြောပါတယ်။

ကာရှီဟာ ပုံစံနဲ့ နေရာကို ကြည့်ပြီး ပြည်နယ် (၅၀) ကို မှတ်သားခဲ့ပြီး အသက် ၂ နှစ်ရောက်တော့ Periodic Table ပေါ်က ဒြပ်ပေါင်းတွေအားလုံးကို အမည်ပေးနိုင်ခဲ့တယ်လို့ သူ့မိဘတွေရဲ့ပြောစကားအရသိရပါတယ်။ သူ့မိဘတွေက သူ့ကို စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီး အဲဒီအချိန်မှာ သူလုပ်နေတဲ့အရာတွေ၊ လျင်မြန်မှုတွေက အတော်လေးအံ့အားသင့်စရာကောင်းတယ်လို့ ဆိုပါတယ်။

Mensa ရဲ့အဖွဲ့ဝင်အဖြစ် အရည်အချင်းပြည့်မှီဖို့အတွက် လျှောက်ထားသူတွေက အဖွဲ့က ချမှတ်ထားတဲ့ ဉာဏ်ရည်စစ်ဆေးတဲ့စာမေးပွဲကိုဖြေဆိုရပြီး ရမှတ် ၉၈ ရာခိုင်နှုန်း သို့မဟုတ် အထက်ရရှိရမှာဖြစ်ပါတယ်။ ဉာဏ်ရည်စစ်ဆေးချက်ရဲ့အသေးစိတ်အချက်အလက်တွေကို လျှို့ဝှက်ထားရပါတယ်။ ဒါပေမဲ့ ကာရှီကိုတော့ စိန်ခေါ်မှုတွေဖြစ်လာတဲ့အထိ ရလဒ်မထုတ်နိုင်တဲ့အထိ ဆက်လက်စစ်ဆေးခဲ့ရတယ်လို့ ဆိုပါတယ်။

“အာရှီက IQ မြင့်တဲ့အပြင် စိတ်ခံစားချက်ကို နားလည်တယ်။ စကားစပ်ကို နားလည်တယ်။ ကျွန်မတို့ ဆက်သွယ်ပြောဆိုတဲ့ပုံစံကိုလည်း နားလည်တယ်။ ကျွန်မတို့ တစ်ခုခု မှားပြောမိတယ်ဆိုရင် သူက “မဟုတ်ဘူး။ မာမီတို့ပြောနေတာတွေက မဟုတ်ဘူး”၊ “အဲဒါက အဲဒီလို မဟုတ်ဘူး”လို့ ပြောပြီး ကျွန်မတို့ကို အမြဲတမ်း အမှားပြင်ပေးတယ်” လို့ ကာရှီရဲ့မိခင်က ပြောပါတယ်။

ကာရှီရဲ့မိဘတွေက ကာရှီကို အားပေးအားမြှောက်လုပ်ပေးရင်းနဲ့ သူလုပ်ချင်တဲ့အရာကိုလည်း လုပ်ခွင့်ပေးပါတယ်။ ကာရှီက Frozen၊ Paw Patrol ကာတွန်းကားတွေကို ကြိုက်နှစ်သက်တဲ့အပြင် ရေကူးရတာ၊ ပန်းချီဆွဲရတာ၊ သိပ္ပံစမ်းသပ်ချက်တွေလုပ်ရတာကိုလည်း စိတ်ဝင်စားပါတယ်။

ကာရှီရဲ့မိဘတွေကလည်း ၂၀၂၀ခုနှစ် အောက်တိုဘာလတုန်းက အသက် (၆) ပတ်ကနေ အသက် (၅) နှစ်အထိ ကလေးတွေအတွက် Modern Schoolhouse အမည်ရတဲ့ မူကြိုဖွင့်လှစ်ခဲ့ပါတယ်။ သူတို့ရဲ့မူကြိုကို အိမ်သဘောမျိုးဖြစ်စေဖို့ ရည်ရွယ်ထားတာပါ။ ဒါမှ ကလေးတွေ လေ့လာသင်ယူနေစဉ်အတွင်းမှာ ဘေးကင်းလုံခြုံမှုခံစားရစေမှာဖြစ်ပြီး သက်တောင့်သက်သာလည်းဖြစ်စေမှာဖြစ်ပါတယ်။ ကလေးတွေက စပိန်ဘာသာစကား၊ သကေင်္တဘာသာစကား၊ အမျိုးမျိုးသောနည်းပညာအသုံးပြုပုံနဲ့ ယောဂကျင့်နည်းတွေလို အရာမျိုး သင်ယူရပါတယ်။

Ref: ABCNews “Mensa’s youngest American member is a toddler”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top