အီးယူနိုင်ငံတွေမှာ ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်ကို ပိတ်ချနိုင်တယ်လို့ Meta Networks ခြိမ်းခြောက်

8-2-2022-yyl07.jpg

အီးယူနိုင်ငံတွေထဲက ဒေတာတွေကို အမေရိကန်အခြေစိုက် ဆာဗာတွေထဲ လွှဲပြောင်း၊ သိုလှောင်၊ လုပ်ဆောင်ခွင့်မရရင် အီးယူနိုင်ငံတွေမှာ ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်ကို ပိတ်ချပစ်မယ်လို့ ဖေ့ဘွတ်ခ်ရဲ့မိခင်ကုမ္ပဏီ Meta Networks က ခြိမ်းခြောက်ခဲ့ပါတယ်။ ဒေတာဟာ ကြော်ငြာလုပ်ငန်းရဲ့အသက်ဖြစ်ပြီး Meta Networks ကုမ္ပဏီရဲ့ဝင်ငွေအားလုံးနီးပါးကလည်း ကြော်ငြာကနေ ရရှိနေတာပါ။ Meta Networks ကုမ္ပဏီဟာ ဥရောပတိုက်မှာ တစ်နှစ်ကို ကြော်ငြာဝင်ငွေ အမေရိကန်ဒေါ်လာ ၆.၈ ဘီလျံအထိ ရရှိခဲ့ပါတယ်။

ဒါပေမဲ့ အခုချိန်မှာတော့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထံကနေ ဒေတာလွှဲပြောင်းဖို့ မသေချာတဲ့ အနေအထားကြုံနေရပါတယ်။ ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံကြား သဘောတူညီထားတဲ့ ပုဂ္ဂိုလ်ရေးဒိုင်း (Privacy Shield)အွန်လိုင်းဒေတာစီမံခန့်ခွဲမှု အကျုံးမဝင်တော့ဘူးလို့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ ဥရောပသမဂ္ဂရဲ့ ထိပ်တန်းတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒေတာကာကွယ်မှုကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး ဥရောပတရားရုံးက Privacy Shield သဘောတူညီမှုကို ပယ်ဖျက်ခဲ့တာပါ။

ဥရောပသမဂ္ဂရဲ့ လက်ရှိစည်းမျဉ်းတွေဟာ သူတို့လုပ်ငန်းအတွက် မရှိမဖြစ်အရေးပါတဲ့ ဒေတာလွှဲပြောင်းမှုကို တားဆီးဟန့်တားနေတယ်လို့ အမေရိကန်နိုင်ငံ လုံခြုံရေးနဲ့ လွှဲပြောင်းမှုကော်မရှင်ထံ တင်ပြတဲ့ နှစ်စဉ်အစီရင်ခံစာမှာ Meta Networks ကုမ္ပဏီက ဖော်ပြခဲ့ပါတယ်။
လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ဒေတာတွေကို အမေရိကန်နိုင်ငံက ဆာဗာတွေဆီ လွှဲပြောင်းပေးမှုနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂရဲ့ စည်းမျဉ်းထိန်းသိမ်းသူတွေက ဥပဒေသစ်တွေ ရေးဆွဲနေပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီကိစ္စကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာဖွေဖို့ အမေရိကန်အစိုးရနဲ့ ဆွေးနွေးလျက်ရှိပါတယ်။

ဖေ့ဘွတ်ခ်ဟာ စိတ်ပျက်စရာ ၃ လပတ်ရလဒ်တွေကြောင့် မကြာသေးခင်ရက်ပိုင်းအတွင်း ဈေးကွက်တန်ဖိုး အဆိုးရွားဆုံး ထိုးကျခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံလောက် လျော့နည်းသွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် နောက်ဆုံး ၃ လပတ်မှာ AR(augmented reality) နဲ့ VR (virtual reality)နည်းပညာတွေအပေါ် အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံခဲ့လို့လည်း အမြတ်ငွေ ကျဆင်းသွားခဲ့တာပါ။

ဖေ့ဘွတ်ခ်ဟာ စည်းမျဉ်းရေးဆွဲမှုနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့တွေ၊ စည်းမျဉ်းထိန်းသိမ်းသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်တုန်းကလည်း ဖေ့ဘွတ်ခ်ပေါ်မှာတင်တဲ့ content တွေအတွက် ဖေ့ဘွတ်ခ်ကုမ္ပဏီက ထုတ်ဝေသူတွေကို ငွေကြေးပေးရမယ်ဆိုတဲ့ ဥပဒေကြောင့် သြစတြေးလျနိုင်ငံက လူမှုကွန်ရက်အသုံးပြုသူတွေကို ရက်အတော်ကြာအောင် သတင်းဝေမျှခွင့် ပိတ်ပင်ခဲ့ပါတယ်။ သြစတြေးလျအစိုးရနဲ့ ညှိနှိုင်းမှုအရ ဥပဒေ ပြန်ချိန်ညှိနိုင်ပြီးမှသာ သတင်းတွေကို ပြန်လည်ဝေမျှခွင့် ပေးခဲ့တာပါ။

၂၀၂၀ ပြည့်နှစ် သြဂုတ်လမှာလည်း အိုင်ယာလန်နိုင်ငံ တားဆီးကာကွယ်ရေးကော်မရှင်က အမေရိကန်ဆာဗာတွေဆီ ဒေတာလွှဲပြောင်းမှုကို ရပ်တန့်ဖို့ ဖေ့ဘွတ်ခ်ကို ညွှန်ကြားခဲ့ဖူးပါတယ်။ အဲဒီကိစ္စကိုတော့ အခုနှစ် ပထမနှစ်ဝက်ထဲမှာ အပြီးသတ်ဆုံးဖြတ်ချက်ချဖွယ် ရှိပါတယ်။ ဖေ့ဘွတ်ခ်အနေနဲ့ ပုဂ္ဂိုလ်ရေးဒေတာတွေကို ကာကွယ်ဖို့ ဖန်တီးထားတဲ့ စံသဘောတူညီချက်အတိုင်း လုပ်ဆောင်ခွင့်မရဘူးဆိုရင် ဥရောပနိုင်ငံတွေထဲက အသုံးပြုသူတွေရဲ့ ဒေတာအများအပြားကို ဖျက်ပေးရမှာပါ။ အဲဒီအတိုင်း လိုက်နာဖို့ ပျက်ကွက်ခဲ့ရင်တော့ အမေရိကန်ဒေါ်လာ ၂.၈ ဘီလျံအထိ ဒဏ်ကြေးပေးဆောင်ရဖို့ ရှိပါတယ်။

Ref: Dailymail “Meta threatens to SHUT DOWN Facebook and Instagram in Europe ”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top