ဂျပန်နိုင်ငံ၊ ကမ်းခြေတစ်ခုမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အလုံးကြီးတစ်လုံး တွေ့ရှိခဲ့ရ

22.2.2023-image-8.png

ဂျပန်နိုင်ငံ၊ ဟာမာမာဆုမြို့က Enshu Beach မှာ ကြီးမားပြီး သတ္တုဘောလုံးပုံသဏ္ဍာန်ရှိတဲ့ အလုံးကြီးတစ်လုံးကို ဒေသခံအမျိုးသမီးတစ်ဦးက အင်္ဂါနေ့မှာ တွေ့ရှိခဲ့ပြီး ရဲကို အကြောင်းကြားခဲ့ပါတယ်။ မကြာခင်မှာပဲ ဧရာမသတ္တုလုံးကြီးတွေ့ရှိခဲ့တဲ့နေရာကို ပိတ်ဆို့ထားခဲ့ပြီး စုံစမ်းစစ်ဆေးဖို့ အကာအကွယ်ဝတ်စုံတွေဝတ်ထားတဲ့ ဖောက်ခွဲရေးကျွမ်းကျင်သူတွေကို ခေါ်ယူခဲ့ပါတယ်။

အာဏာပိုင်တွေက ဒီအရာဝတ္ထုဟာ ပေါက်ကွဲခြင်းမရှိဘူးလို့ ကောက်ချက်ချကြပေမဲ့ ဒီအလုံးကြီးက ဘာလဲ၊ ဘယ်နေရာကနေ ထွက်ပေါ်လာခဲ့လဲဆိုတာကို မသိရသေးပါဘူး။ ဒေသတွင်းမီဒီယာတွေအရ အဲဒီသတ္တုလုံးကြီးက အချင်း ၁.၅ မီတာဝန်းကျင်ရှိပြီး သံချေးတက်နေပုံရတယ်လို့ သိရပါတယ်။ အဲဒီအလုံးကြီးမှာ အခြားအရာတစ်ခုခုနဲ့ ချိတ်ထားလို့ရနိုင်စေတဲ့ သတ္တုလက်ကိုင်တွေအများကြီး တပ်ထားပါတယ်။ X ray စကင်န်ဖတ်ကြည့်တာတွေ ဆက်တိုက်ပြုလုပ်ပြီးတဲ့နောက် အလုံးကြီးက လုံးဝအခေါင်းပေါက်ဖြစ်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။

ဆက်လက်စစ်ဆေးဖို့အတွက် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တွေထံ အဲဒါရဲ့ဓာတ်ပုံတွေကို ပေးပို့ထားပါတယ်။ ကမ်းခြေမှာ ပုံမှန်ပြေးနေကျ ဒေသခံအမျိုးသားတစ်ဦးကတော့ အဲဒီအလုံးကြီးကို သူ တွေ့ခဲ့တာကြာပြီဖြစ်တဲ့အတွက် အခုမှ ရုတ်တရက်ကြီး လူတွေအာရုံစိုက်မိခဲ့တာလဲဆိုတာကို နားမလည်နိုင်ဘူးလို့ ရုပ်သံလွှင့်ဌာန NHK ကို ပြောပါတယ်။ “အဲဒါကြီးရှိနေခဲ့တာ ၁ လလောက်ရှိပြီ။ ကျွန်တော် အဲဒါကို တွန်းဖို့ ကြိုးစားခဲ့ပေမဲ့ လှုပ်တောင်မလှုပ်ခဲ့ဘူး”လို့ အဲဒီအမျိုးသားက ဆိုပါတယ်။

Ref: Metro “Mystery orb washes up on Japanese beach and no one can work out what it is”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top