ငလျင်ဒဏ်သင့်သူတွေကို အခမဲ့ ဆံပင်ညှပ်ပေးနေတဲ့ ဆယ်ကျော်သက်

22.2.2023-image-4.png

အားလပ်ချိန်မှာ ငွေရှာဖို့ ဆံပင်ညှပ်နည်းကို သင်ယူခဲ့တဲ့ ကျောင်းသားလေး မိုဟာမတ် အယ် ဟာမိုက သူ့ရဲ့ပညာကို ယာယီတဲစခန်းမှာ နေထိုင်နေကြတဲ့ တူရကီ-ဆီးရီးယားငလျင်ဘေးကနေ အသက်ရှင်လွှတ်မြောက်ခဲ့သူတွေအတွက် အသုံးချရလိမ့်မယ်လို့ စိတ်ကူးယဉ်မိခဲ့မှာမဟုတ်ပါဘူး။ အခု အသက် ၁၈ နှစ်အရွယ် ဟာမိုက ငလျင်ကပ်ဘေးကြောင့် ရှောင်တိမ်းနေရတဲ့သူတွေနဲ့ သူ့မိသားစုကို အခမဲ့ ဆံပင်ညှပ်ပေးနေပါတယ်။ “ဘယ်သူလာလာ သူတို့ကို ဆံပင်ညှပ်ပေးတယ်”လို့ သူ့ရဲ့အဖေ ခါလတ်က သူ့အလှည့်ရောက်ဖို့ စောင့်ဆိုင်းရင်း ဂုဏ်ယူတဲ့အပြုံးနဲ့ ပြောရှာပါတယ်။

အရင်ဆုံး ဟာမိုက အသက် ၁၉ နှစ်အရွယ် သူ့အစ်ကိုဖြစ်သူရဲ့ဆံပင်ကို ညှပ်ပေးခဲ့တာပါ။ ဟာမိုက ငလျင်ကြောင့် ပျက်စီးသွားတဲ့ သူ့အိမ်ကနေ လျှပ်စစ်ကတ်ကြေး၊ ဘီး၊ ကတ်ကြေးနဲ့ ခေါင်းလျှော်ရည်တွေကို ထုတ်ယူနေရပါတယ်။ အခုထိတော့ သူ့ရဲ့ပစ္စည်းတွေကို ဆယ်ယူလို့မရသေးဘူးလို့ သူက ဆိုပါတယ်။

ဟာမိုက အခမဲ့ ဆံပင်ညှပ်ပေးတာအပြင် သူတို့ညီအစ်ကိုနှစ်ယောက်လုံးက တူရကီအရှေ့တောင်ပိုင်း Antakya မြို့ရှိ ပန်းခြံတစ်ခုမှာ ယာယီတဲစခန်းက အခြားသူတွေကို ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေအဖြစ်လည်း လုပ်ဆောင်နေကြပါတယ်။

မကြာခင် တက္ကသိုလ်တတ်ဖို့ ပြင်ဆင်နေပေမဲ့ ငလျင်ဒဏ်သင့်ဒေသက တက္ကသိုလ်တွေ ပျက်စီးသွားတာကြောင့် တူရကီမြို့တော် အန်ကာရာမြို့က တက္ကသိုလ်တစ်ခုကို ပြောင်းရွှေ့ရလိမ့်မယ်လို့ ဟာမိုက ဆိုပါတယ်။ ဟာမိုတို့မိသားစုက ပြည်တွင်းစစ်ကြောင့် ဆီးရီးယား၊အလက်ပိုကနေ တူရကီ၊ Antakya ကို ၂၀၁၄ ခုနှစ်က ပြောင်းရွှေ့နေထိုင်ခဲ့ကြတာပါ။

Ref: Teenage barber tidies up in Turkey’s earthquake camp

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top