“Mission Impossible 7” ဇာတ်ကားရဲ့ထုတ်လုပ်ရေးက အာမခံကုမ္ပဏီကို တရားစွဲဆို

3-9-2021-yyl3.jpg

(၇) ကားမြောက် “Mission Impossible” ဇာတ်ကားရိုက်ကူးမှုကို ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် (၇) ကြိမ်တောင် ရပ်နားခဲ့ရပါတယ်။ ဇာတ်ကားရိုက်ကူးမှုရပ်နားခဲ့ရတာကြောင့် ဆုံးရှုံးမှုတွေအတွက် အာမခံကုမ္ပဏီဖြစ်တဲ့ Ferderal Insurance Company က လျော်ကြေးပေးဖို့ပျက်ကွက်ခဲ့ပါတယ်။ အဲဒါကြောင့် Mission Impossible 7 ရဲ့ Paramount Pictures ထုတ်လုပ်ရေးကုမ္ပဏီက အာမခံကုမ္ပဏီကို တရားစွဲဆိုလိုက်ပါတယ်။ ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် အကြိမ်များစွာ ဇာတ်ကားရိုက်ကူးမှု ရပ်နားခဲ့ရပေမဲ့ အာမခံကုမ္ပဏီက ပထမဆုံးအကြိမ်အတွက်ပဲ ဒေါ်လာ ၅ သန်းပေးဖို့ သဘောတူခဲ့တယ်လို့ တရားစွဲဆိုချက်မှာ ဖော်ပြထားပါတယ်။

တရားစွဲဆိုချက်မှာ Paramount Pictures က တွမ်ခရုစ် (Tom Cruise) ပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကား ရိုက်ကူးရေးကို ဖေဖော်ဝါရီ ၂၀၂၀ နဲ့ ဇွန် ၂၀၂၁ ခုနှစ်ကြားမှာ အီတလီမှာ (၄) ကြိမ် နဲ့ UK မှာ (၃) ကြိမ် ရပ်နားခဲ့ရတယ်။ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီက ဗင်းနစ်မြို့မှာ Mission Impossible 7 ကို စတင်ရိုက်ကူးခဲ့ပေမဲ့ ရုပ်ရှင်အဖွဲ့သားတစ်ဉီးက ကိုဗစ်ကြောင့် ဖျားနာခဲ့လို့ ရိုက်ကူးရေးကို ရပ်တန့်ခဲ့ရတယ်။ မတ်လမှာတော့ ရောမမှာ ရိုက်ကူးရေးပြန်စခဲ့ပေမဲ့ အီတလီရဲ့ကိုဗစ်စည်းမျဉ်းတွေကြောင့် နှောင့်နှေးခဲ့ပြန်တယ်။

၂၀၂၀ခုနှစ် အောက်တိုဘာမှာကျတော့ ရောမမှာ ကိုဗစ်ဖြစ်ပွားတာကြောင့် ဗင်းနစ်မြို့ကို ရိုက်ကူးရေးရွှေ့ခဲ့ပေမဲ့ ရုပ်ရှင်အဖွဲ့သားတွေမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီမှာတော့ UKမှာ ကိုဗစ်ပိုးတွေ့ရှိနေတဲ့အတွက် ရိုက်ကူးရေးရပ်နားခဲ့တယ်။ ဒူဘိုင်းကို သွားပြီး ရိုက်ကူးရေးလုပ်ခဲ့ပေမဲ့ UK အစိုးရရဲ့ Quarantine စည်းမျဉ်းတွေကြောင့် UKမှာ ရိုက်ကူးရေးပြီးမယ့်အစီအစဉ်တွေက နှောင့်နှေးသွားခဲ့ပြန်တယ်။ ၂၀၂၁ခုနှစ် ဇွန်လမှာ ရုပ်ရှင်အဖွဲ့သားတွေ ကိုဗစ်ပိုးကူးစက်ခံရပြန်တယ်” လို့ ဆိုထားပါတယ်။

ရုပ်ရှင်ရိုက်ကူးမှုရပ်နားခဲ့ရတာတွေက ရိုက်ကူးရေးလုပ်ခဲ့တဲ့နိုင်ငံတွေမှာ Lockdown ချတာတွေ၊ Quarantine ခံယူရတာတွေ၊ ရုပ်ရှင်အဖွဲ့သားတွေကြားမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ရတာတွေကြောင့်ဖြစ်ပါတယ်။ အာမခံကုမ္ပဏီက ဇာတ်ကားရိုက်ကူးရေးရဲ့ဆုံးရှုံးမှုတွေအားလုံးအတွက် လျှော်ကြေးမပေးနိုင်သလို ကိုဗစ်ရောဂါပိုးကူးစက်ခံရမှုကြောင့် ရပ်နားခဲ့ရတဲ့ ဇာတ်ကားရိုက်ကူးရေးအတွက် လျော်ကြေးပေးသွားမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရပေမဲ့ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်အဖွဲ့သားတွေ သူတို့ရဲ့တာဝန်တွေကို ဆက်လက်မလုပ်ဆောင်နိုင်ဘူးဆိုတဲ့ သက်သေမရှိဘူးလို့လည်း အာမခံကုမ္ပဏီက ကန့်ကွက်ပြောဆိုခဲ့ပါတယ်။

Paramount Pictures က ဇာတ်ကားရိုက်ကူးရေးရပ်နားခဲ့ရတာကြောင့် ငွေကြေး ဘယ်လောက်ဆုံးရှုံးကုန်ကျခဲ့ရလဲဆိုတာကို မပြောပြခဲ့ပေမဲ့ အာမခံကုမ္ပဏီက ပေးခဲ့တဲ့ ငွေ ဒေါ်လာ ၅ သန်းထက် ပိုပြီးများတယ်လို့ ဆိုပါတယ်။ Paramount Pictures က ခုံရုံးတက်ဖို့နဲ့ မဖော်ပြရသေးတဲ့ဆုံးရှုံးမှုတွေကို ထုတ်ဖော်ဖို့ကြိုးပမ်းနေပါတယ်။

(၇) ကြိမ်တောင် ရိုက်ကူးရေးရပ်နားခဲ့ရတဲ့ Mission Impossible 7 ကိုတော့ ၂၀၂၂ခုနှစ် မေလမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Ref: BBC & Tribune “‘Mission: Impossible’ sues insurance company over costly Covid-19 shutdowns”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top