အလှအပနဲ့ မိတ်ကပ်အကြောင်း ဗီဒီယိုတွေကြောင့် လူသိများတဲ့ မက္ကဆီကိုလူမျိုးငယ်ရွယ်တဲ့ beauty influencer တစ်ဦးဟာ TikTok မှာ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
အသက် ၂၃ နှစ်အရွယ် ဗာလာရီယာ မာကွိဇ်ရဲ့သေဆုံးမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ Jalisco ပြည်နယ်အစိုးရရှေ့နေက မေလ ၁၃ ရက်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာထားပါတယ်။ မေလ ၁၃ ရက်နေ့က မာကွိဇ်ကို ဇတ်ပိုပန် မြို့ရှိ သူ အလုပ်လုပ်နေတဲ့ အလှပြင်ဆိုင်မှာ အမျိုးသားတစ်ဦးဟာ လာရောက်ပြီးတော့ သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ ရှေ့နေရုံးကတော့ တရားခံရဲ့အမည်ကို မဖော်ပြထားပါဘူး။
အခင်းမဖြစ်ခင် စက္ကန့်ပိုင်းအလိုမှာ မာကွိဇ်က စားပွဲတစ်ခုမှာ ထိုင်ပြီးတော့ TikTok တိုက်ရိုက်ထုတ်လွှင့်နေခဲ့တာပါ။ အဲ့ဒီအချိန် သူတို့လာနေပြီလို့ အနောက်ကနေပြောတဲ့အသံကြားလိုက်ရပါတယ်။ “Hey Vale” လို့ မေးတဲ့အသံလည်း ကြားခဲ့ရပါတယ်။
တိုက်ရိုက်ထုတ်လွှင့်မှုက အသံကို မပိတ်ခင် မာကွိဇ်က “ဟုတ်ပါတယ်” လို့ ပြန်ဖြေလိုက်ပါတယ်။ ခဏကြာတော့ သူ ပစ်သတ်ခံလိုက်ရပါတယ်။ တိုက်ရိုက်ထုတ်လွှင့်မှုအဆုံးမသတ်ခင် လူတစ်ဦးက မာကွိရဲ့ဖုန်းကို ကောက်ကိုင်လိုက်ပုံရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Follower ၂ သိန်းနီးပါးရှိတဲ့ မာကွိဇ်ဟာ တိုက်ရိုက်ထုတ်လွှင့်မှုအစောပိုင်းက သူ မရှိတဲ့အချိန် သူ့ကို ပေးဖို့ တန်ဖိုးကြီးလက်ဆောင်နဲ့ တစ်စုံတစ်ယောက် အလှပြင်ဆိုင်ကိုလာခဲ့တယ်လို့ ပြောခဲ့ပါသေးတယ်။ စိတ်မအေးဖြစ်နေပုံရတဲ့ မာကွိဇ်က အဲ့ဒီလူ ပြန်လာတာကို စောင့်ဖို့ အစီအစဉ်မရှိဘူးလို့လည်း ပြောခဲ့တယ်လို့ သတင်းတွေက ဆိုထားပါတယ်။
Ref: Mexican beauty influencer shot to death during TikTok livestream
WL ( ရိုးရာလေး)

