သေဆုံးသွားပြီဖြစ်ပေမဲ့ တစ်နှစ်ကို ပေါင်သန်း ၃၀၀ ကျော် ရရှိတဲ့ မိုက်ကယ်ဂျက်ဆင်

8-7-2022-05.jpg

ကမ္ဘာကျော်အဆိုတော်မိုက်ကယ်ဂျက်ဆင်ဟာ လွန်ခဲ့တဲ့ ၁၃ နှစ်က သေဆုံးသွားခဲ့ပြီဖြစ်ပေမဲ့ တစ်နှစ်ကို ပေါင် ၃၀၀ သန်းကျော် ရရှိနေတယ်လို့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

ဂျက်ဆင်ရဲ့ကွယ်လွန်ပြီးမှရရှိတဲ့စီးပွားရေးအရောင်းအဝယ်တွေက စတာလင်ပေါင် ၁.၆၇ ဘီလီယံကျော် ရရှိခဲ့တယ်လို့ သေတမ်းစာအရ ဆောင်ရွက်သူတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဂျက်ဆင် ငွေရေးကြေးရေးရုန်းကန်ခဲ့ရတာကို မျက်မြင်တွေ့ခဲ့ရတဲ့ကလေး (၃) ဦးက တစ်သက်လုံး သန်းကြွယ်သူဌေးတွေဖြစ်လာမှာအသေအချာပါပဲ။

မကြာသေးခင်က စာရင်းစစ်ထားတဲ့ စီးပွားရေးနှစ်က စာရွက်စာတမ်းတွေကို ဂျက်ဆင်ရဲ့ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တွေက အသေးစိတ်ပြုလုပ်ပေးခဲ့ပါတယ်။ Sony က EMI Catalogue အတွက် ဂျက်ဆင်ရဲ့ တစ်သက်တာလုပ်ပိုင်ခွင့် ၁၀ ရာခိုင်နှုန်းကို ဒေါ်လာ ၂၈၇.၅ သန်းနဲ့ ဝယ်ယူခဲ့တယ်လို့ အတည်ပြုထားပါတယ်။ အဲဒါအပြင် ဂျက်ဆင်က အလုပ်သဘောတူညီချက်တွေကနေ ပေါင် သန်း ၆၀ နီးပါးရရှိခဲ့ပါတယ်။

ဂျက်ဆင်ရဲ့ပိုင်ဆိုင်မှု၊ ငွေသားစာရင်းတွေနဲ့ ဝင်ငွေစုစုပေါင်းအသားတင်တန်ဖိုးက ပေါင် ၇၃၉,၆၃၇,၉၇၂ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၉ခုနှစ် ဇန်နဝါရီ ၁ ရက် နဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ကြား စုစုပေါင်း ပေါင် ၁၂၅,၀၀၀,၀၀၀ ကျော်ကို လက်ခံရရှိခဲ့ပါတယ်။ သေတမ်းစာအရ ဆောင်ရွက်သူတွေဖြစ်တဲ့ ဂျွန် ဘရန်ကာ နဲ့ ဂျွန် မက်ကလိန်းတို့က ဂျက်ဆင်ရဲ့ဘဏ္ဍာရေးအစီအစဥ်တွေကို ပြန်လည်ဖွဲ့စည်းခြင်းဖြင့် ပြန်လည်ကောင်းမွန်အောင် ဦးဆောင်လုပ်ဆောင်ပေးခဲ့ပါတယ်။ သူတို့ဟာ ဂျက်ဆင်ရဲ့မိသားစုကို အဆက်မပြတ်ပံ့ပိုးပေးမှုအတွက်လည်း ချီးကျူးခံရပါတယ်။

လော့စ်အိန်ဂျလိစ် တရားသူကြီးတစ်ဦး လက်မှတ်ရေးထိုးထားတဲ့စာရွက်တွေက ဂျက်ဆင်ရဲ့ကလေးတွေနဲ့ အဘွား ကက်သရင်းတို့ရဲ့မိသားစုအိမ်တွေ၊ အပေါင်စာချုပ်တွေနဲ့ အသုံးစရိတ်တွေအားလုံးကို အပြည့်အဝ အကျုံးဝင်တယ်လို့ ပြထားပါတယ်။ မိုက်ကယ် ဂျက်ဆင်က မေ့ဆေး အလွန်အကျွံသုံးစွဲခြင်းရဲ့အကျိုးဆက်ကြောင့် ၂၀၀၉ခုနှစ် အသက် ၅၀ အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက လန်ဒန်မြို့မှာ This Is It comeback ရှိုးပွဲတွေ ဆက်တိုက်လုပ်ဖို့ ပြင်ဆင်နေခဲ့တာပါ။

Ref: Michael Jackson raking in more than £300 million a year despite having died 13 years ago

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top