အမေရိကန်စစ်တပ်နဲ့ ပခုံးချင်းယှဉ်နိုင်လာတဲ့ တရုတ်စစ်တပ်

df4103.jpg

တရုတ်နိုင်ငံဟာ လာမယ့်ဆယ်စုနှစ်အတွင်း သူတို့လက်နက်တွေမှာ တပ်ဆင်တဲ့ နျူကလီးယားထိပ်ဖူး အရေအတွက်ကို အနည်းဆုံး ၂ ဆ မြှင့်တင်ဖို့ ကြိုးစားနေတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။ တရုတ်စစ်တပ်ဟာ အဓိကကျတဲ့ ကဏ္ဍတွေမှာ အမေရိကန်စစ်တပ်နဲ့ တန်းတူ ဒါမှမဟုတ် သာလွန်တဲ့ အနေအထားရှိနေပြီလို့ ဆိုပါတယ်။

တရုတ်စစ်တပ်ဟာ သင်္ဘောတည်ဆောက်ရေး၊ ပဲ့ထိန်းဒုံးကျည်နဲ့ ခရုဇ်ဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေး၊ လေကြောင်းကာကွယ်ရေးစနစ်တွေကို စုပေါင်းမှု စတဲ့ ကဏ္ဍတွေမှာ သိသိသာသာ အားကောင်းနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တောင်တရုတ်ပင်လယ်မှာ တရုတ်စစ်တပ်ရဲ့ လှုပ်ရှားမှု၊ အမေရိကန်နိုင်ငံက တရုတ်(တိုင်ပေ)ကို အားပေးထောက်ခံမှု စတဲ့ကိစ္စရပ်တွေအပါအဝင် အကြောင်းအရာ တော်တော်များများနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှု မြင့်တက်နေချိန်မှာ တရုတ်စစ်တပ်ရဲ့ စွမ်းဆောင်ရည်ကို အသေးစိတ်ဖော်ပြတဲ့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့တာပါ။

” လက်ရှိအချိန်မှာ တရုတ်နိုင်ငံရဲ့ နျူကလီးယားထိပ်ဖူးက ၂၀၀ အောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက သူတို့ရဲ့နျူကလီးယားအင်အားစုကို ခေတ်မီအောင် တိုးချဲ့မှုတွေ လုပ်နေလို့ လာမယ့်ဆယ်စုနှစ်မှာ သူတို့ရဲ့ နျူကလီးယားထိပ်ဖူးပမာဏက အနည်းဆုံး ၂ ဆလောက်အထိ မြင့်တက်လာဖို့ ရှိပါတယ်”လို့ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံကို ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ မြေပြင်အခြေစိုက် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ရဲ့ ထိပ်ဖူးပမာဏကလည်း လာမယ့် ၅ နှစ်အတွင်း ၂၀၀ လောက်အထိ များပြားလာဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့က ရုရှားနိုင်ငံနဲ့ နျူကလီးယားလက်နက် ထိန်းချုပ်ရေး ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံကို ပါဝင်လာစေဖို့ လိုလားခဲ့ပေမဲ့ တရုတ်နိုင်ငံက ငြင်းဆန်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ နျူကလီးယားထိပ်ဖူးပမာဏက တဟုန်ထိုးမြင့်တက်လာပေမဲ့ နျူကလီးယားလက်နက် စုစုပေါင်းအရေအတွက်ကတော့ အမေရိကန်၊ ရုရှားနိုင်ငံတွေနဲ့ ယှဉ်ရင် နည်းနေပါသေးတယ်။ New START သဘောတူစာချုပ်အရ အမေရိကန်နဲ့ ရုရှားတို့ဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေမှာ တပ်ဆင်မယ့် နျူကလီးယားထိပ်ဖူးပမာဏ ၁၅၅၀ အထိပဲ ထားရှိရမယ်လို့ ကန့်သတ်ထားပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံဟာ ရေပေါ်တိုက်ခိုက်ရေးယာဉ် ၁၃၀ ကျော် အပါအဝင် သင်္ဘောနဲ့ ရေငုပ်သင်္ဘော ၃၅၀ ရှိတဲ့အတွက် ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးရေတပ်ကို ပိုင်ဆိုင်ထားတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အမေရိကန်ရေတပ်ကတော့ ၂၀၂၀ ပြည့်နှစ် အစောပိုင်းအထိ သင်္ဘော ၂၉၃ စင်းပဲ ရှိပါတယ်။

တရုတ်နိုင်ငံရဲ့ စစ်အသုံးစရိတ် တိုးမြှင့်မှုနှုန်းက တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုထက် ပိုများနေပြီး ဒေသတွင်း စစ်အသုံးစရိတ် အမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံရဲ့ တရားဝင်ကာကွယ်ရေးအသုံးစရိတ်ပမာဏက အမေရိကန်ဒေါ်လာ ၁၇၄ ဘီလျံရှိပြီး အဲဒီကာလမှာ အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၆၈၅ ဘီလျံ ရှိပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ စစ်အသုံးစရိတ်ထဲမှာ သုတေသနလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနဲ့ ပြည်ပကနေ လက်နက်ဝယ်ယူမှု အသုံးစရိတ်တွေ မပါဝင်ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ယူအေအီး၊ ကင်ညာ၊ ဆေးချယ်၊ တန်ဇန်နီးယား၊ အန်ဂိုလာ၊ တာဂျစ်ကစ္စတန် နိုင်ငံတွေမှာ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးစခန်းတွေ တည်ဆောက်ဖို့ စဉ်းစားနေဖွယ်ရှိတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့ ရီယမ်ရေတပ်အခြေစိုက်စခန်းမှာ တရုတ်ရေတပ်ကို ဝင်ရောက်ခွင့်ပေးဖို့ သဘောတူစာချုပ်ချုပ်ဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေကိုတော့ တရုတ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက လူသိရှင်ကြား ငြင်းဆန်ထားပါတယ်။

Ref: CNN ” China is aiming to double the size of its nuclear arsenal, Pentagon report says”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top