၂၇ နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားကို အငြိမ်းစားလက်ဆောင်အဖြစ် ရွှေဆွဲကြိုးပေးပြီး နှုတ်ဆက်ပွဲကျင်းပပေးခဲ့

23.1.24-yyl-2.jpg

စင်ကာပူကုမ္ပဏီတစ်ခုအတွက် ၂၇ နှစ်ကြာ အလုပ်လုပ်ခဲ့ပြီး အငြိမ်းစားယူတော့မယ့် ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းအလုပ်သမားတစ်ဦးကို ကုမ္ပဏီက ပူဖောင်းတွေနဲ့ အလှဆင်ပြင်ဆင်ထားတဲ့ နှုတ်ဆက်ပွဲလေးကျင်းပပေးခဲ့ကာ လက်ဆောင်အနေနဲ့ ရွှေဆွဲကြိုးပေးခဲ့ပါတယ်။ ဒီအခိုက်အတန့်ကို ကြုံလိုက်တဲ့ အဲဒီရွှေ့ပြောင်းအလုပ်သမားက နှုတ်ဆက်စကားပြောရင်း ရင်ထဲဆို့နစ်ပြီး မျက်ရည်ဝဲခဲ့ရပါတယ်။

ဒီကြည်နူးစရာအခိုက်အတန့်ဗီဒီယိုက ဇန်နဝါရီ ၁၇ ရက်နေ့မှာ TikTok မှာ တင်ခဲ့ပြီး လူသိများသွားခဲ့ပါတယ်။ ဇန်နဝါရီ ၂၂ ရက်နေ့အထိ ကြည့်ရှုသူ ၇ သိန်းကျော်နေပါပြီ။ ဒီဗီဒီယိုကို တင်ခဲ့တဲ့သူက ရွှေ့ပြောင်းအလုပ်သမားဟာ ဆိုနာ မီယာဖြစ်ပြီး ကုမ္ပဏီရဲ့အကြီးတန်းဝန်ထမ်းဖြစ်တယ်လို့ ဆိုပါတယ်။

ဆိုနာက စင်ကာပူမှာ ၃၂ နှစ်အလုပ်လုပ်ခဲ့ပေမဲ့ ဆောက်လုပ်ရေးကုမ္ပဏီ Shun Yi Cheng Contract Engineering မှာ ၁၉၉၆ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အစပိုင်းအထိ ၂၇ နှစ်ကြာ အလုပ်လုပ်ခဲ့တာပါ။ သူက အလုပ်ကနေ အငြိမ်းစားယူပြီး ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားတော့မှာပါ။

နှုတ်ဆက်ပွဲအတွင်း နှစ်တော်တော်ကြာ အလုပ်လုပ်ခဲ့တဲ့ သူ့ကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ “ဆိုနာက SYC တိုးတက်ကြီးထွားလာစေဖို့အတွက်နဲ့ ကုမ္ပဏီကညီအစ်ကိုတွေကို လမ်းညွှန်ပြပေးသူဖြစ်ဖို့အတွက် သူ့ရဲ့အားထုတ်မှုက ၁၀၀ ရာခိုင်နှုန်းပဲ”လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဆိုနာနဲ့အတူ ၁၀ နှစ်ကျော်အလုပ်လုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ခုကလည်း သူ့ရဲ့မပျင်းမရိတဲ့အလုပ်ကျင့်ဝတ်ကို ချီးကျူးခဲ့ပါတယ်။ ကြမ်းခင်းတပ်ဆင်ရေးပရောဂျက်တွေကို မနက် ၈ နာရီကနေ ညသန်းခေါင်အထိ အတူလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆိုနာက ဘယ်လောက်ပဲ ပင်ပန်းနေပါစေ ပင်ပန်းတယ်လို့ ဘယ်တော့မှမပြောဘူးတဲ့။ ချီးကျူးပြောဆိုခဲ့ကြတဲ့အပြင် ဆိုနာကိုလည်း ပွေ့ဖက်ခဲ့ကြပြီး လက်ဆောင်အဖြစ် ရွှေဆွဲကြိုးပေးအပ်ခဲ့ကြပါတယ်။

Ref: Migrant worker, who worked 27 years for S’pore company, gets gold chain as farewell retirement gift

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top