ဆာလာကို ကမ္ဘာ့အဆင့် ကစားသမားဖြစ်စေခဲ့တဲ့ လျှို့ဝှက်ချက်ကို အီဂျစ်နည်းပြဟောင်း ထုတ်ပြော

9-6-2020-yyl-007.jpg

မက်ဆီကို အတုယူဖို့ အကြံပေးခဲ့တဲ့အတွက် လီဗာပူးတိုက်စစ်မှူး ဆာလာရဲ့ ခြေစွမ်း တိုးတက်လာပြီး ကမ္ဘာ့အဆင့်ကစားသမားဖြစ်လာတာလို့ အီဂျစ်နည်းပြဟောင်း ဘော့ဘရက်ဒလေက ပြောပါတယ်။ ဘော့ဘရက်ဒလေဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ အီဂျစ်အသင်းကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက ဆာလာဟာ အီဂျစ်ကလပ် အယ်မိုကောလွန်းအသင်းမှာ ကစားနေဆဲဖြစ်ပြီး အီဂျစ်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရသူပါ။

” အီဂျစ်လက်ရွေးစင်အသင်းကနေ ကျွန်တော် နုတ်ထွက်ပြီးကတည်းက ဆာလာရဲ့ ခြေစွမ်း အံ့မခန်းတိုးတက်လာခဲ့တာပါ။ သူက ထိပ်တန်းကစားသမားပါ။ သူ့ခြေစွမ်းတိုးတက်လာအောင် မက်ဆီကို အနီးကပ် စောင့်ကြည့်ဖို့ သူ့ကို ကျွန်တော် ပြောခဲ့ပါတယ်။ သူကလည်း ကျွန်တော့်အကြံကို လက်ခံခဲ့ပါတယ်။ အဲဒီနောက်မှာ သူ့ကို နောက်အထိ ဘောလုံးဆင်းယူတဲ့ တိုက်စစ်မှူးအဖြစ် ကစားခိုင်းဖို့ သူ့နေရာကို ပြောင်းလဲခဲ့ပါတယ်။ သူက ပြေးအားကောင်းတယ်။ အခုတော့ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်နေပါပြီ”လို့ ဘော့ဘရက်ဒလေက ပြောပါတယ်။ ဆာလာဟာ အဲဒီနောက်မှာ ဆွစ်ဇာလန်ကလပ် ဘေဆယ်၊ ချဲလ်ဆီး၊ ဖီအိုရင်တီးနား၊ ရိုးမားအသင်းတွေကို ပြောင်းလဲကစားခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ လီဗာပူးအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ လီဗာပူးအတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၁၀၀ ကစားချိန်မှာ ဂိုး ၇၀ အထိ သွင်းယူနိုင်ခဲ့တဲ့ ဆာလာဟာ အသင်းကြီးတွေ မျက်စိကျခံရတဲ့ ကစားသမားဖြစ်လာခဲ့ပြီး ၂၀၁၉ ခုနှစ်က လီဗာပူးအတွက် ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့ပါတယ်။ ဆာလာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ ပွဲ ကစားချိန်မှာ ၁၆ ဂိုး သွင်းပြီး ၆ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top