အဆုံးစီရင်ဖို့အတွက် ဗင်းဆင့်ဗန်ဂိုး အသုံးပြုခဲ့ဖွယ်ရှိတဲ့ သေနတ်ကို လေလံတင်ရောင်းချ

64545317_2438794922818080_126853504059834368_n.jpg

ကမ္ဘာကျော် ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ အသုံးပြုခဲ့ဖွယ်ရှိတဲ့ သေနတ်ကို ပေါင် ၁၈၂၀၀၀ နဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။ သံချေးတက်နေတဲ့ ခြောက်လုံးပြူးသေနတ်ကို ရှေးဟောင်းပစ္စည်း စုဆောင်းသူတစ်ယောက်က ဖုန်းဆက်ပြီး လေလံဆွဲခဲ့တာပါ။ ဟော်လန်ပန်းချီဆရာ ဗင်းဆင့်ဗန်ဂိုးဟာ ၁၈၉၀ ပြည့်နှစ် ဇူလိုင်လ (၂၇) ရက်နေ့က ပဲရစ်မြို့မြောက်ပိုင်း အိုဗယ်ရွာအနီး လယ်ကွင်းထဲကို လမ်းလျှောက်သွားပြီး သူ့ရင်ဘတ်ကို သေနတ်နဲ့ပစ်ခဲ့ပါတယ်။ အိတ်ဆောင်အရွယ်အစားပဲရှိတဲ့ သေနတ်ဟာ အားမပြင်းလို့ ရက်တော်တော်ကြာမှ ဗင်းဆင့်ဗန်ဂိုး ကွယ်လွန်ခဲ့ပါတယ်။

၁၉၆၅ ခုနှစ်မှာ လယ်သမားတစ်ယောက်က သံချေးတက်နေတဲ့ ခြောက်လုံးပြူးသေနတ်ကို တွေ့ရှိခဲ့တာပါ။ ကျည်ဆန်အရွယ်အစားနဲ့ အချိန်ကာလအရ ဗင်းဆင့်ဗန်ဂိုး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရာမှာ အသုံးပြုခဲ့တဲ့သေနတ်လို့ ယူဆခဲ့ကြပါတယ်။ ဒီသေနတ်ကို အရင်တုန်းက ဟော်လန်နိုင်ငံ အမ်စတာဒမ်မြို့မှာရှိတဲ့ ဗန်ဂိုးပြတိုက်မှာ ထိန်းသိမ်းထားပေမဲ့ ဗန်ဂိုးအသုံးပြုခဲ့တဲ့ သေနတ် ဟုတ်၊ မဟုတ်ဆိုတာကို ဒွိဟဖြစ်နေဆဲပါ။ အဲဒီလေလံပွဲမှာ ဗြိတိန်ဘုရင်မကြီးရဲ့ မင်္ဂလာပွဲက ကိတ်မုန့်အပိုင်းအစ၊ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီကို လုပ်ကြံခဲ့သူ ဟာဗေးအော့စ်ဝါ့ဒ်ရဲ့ လက်ထပ်လက်စွပ်နဲ့ တိုင်တန်းနစ်သင်္ဘောနစ်မြုပ်ချိန်က သေမင်းကို အပြုံးမပျက်ရင်ဆိုင်ခဲ့ကြတဲ့ တေးဂီတအဖွဲ့ရဲ့ တယောတစ်လက်ကိုလည်း လေလံတင်ရောင်းချခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top