ONE: Edge of Greatness ပြိုင်ပွဲတွင် လက်စွမ်းပြနိုင်ဖွယ် ရှိသည့် ကစားသမား ၄ ဦး

yyl-020-11.jpg

အာရှ၏ အကြီးကျယ် အခမ်းနားဆုံး ကိုယ်ခံပညာ ပြိုင်ပွဲကြီး ONE Championship ၏ နိုဝင်ဘာလ အတွင်း နောက်ဆုံး ပြိုင်ပွဲဖြစ်သော ONE: Edge of Greatness ပွဲကို လာမည့် နိုဝင်ဘာ ၂၂ ရက်တွင် စင်ကာပူ၌ ကျင်းပပြုလုပ် တော့မည် ဖြစ်သည်။ ONE ဘန်တန် ဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲ အပါအဝင် တွဲဆိုင်းပေါင်း ၁ဝ တွဲ ပါဝင်သည့် ယင်းပြိုင်ပွဲတွင် ပါဝင်ကြမည့် ကစားသမား ၂ဝ ဦး အနက် မည်သည့် ကစားသမားများက အကောင်းဆုံး လက်စွမ်းပြ ကစားနိုင်မည် ဆိုသည်ကို ခန့်မှန်းတင်ဆက် လိုက်ရပါသည်။

(၁) ချန်ပီယံ စိန်ခေါ်ခွင့် အတွက် အစွမ်းပြမည့် Ev Ting

မလေးရှား-နယူးဇီလန် ကစားသမား Ev “E.T.” Ting သည် ပြီးခဲ့သည့် ဇူလိုင်လက ၎င်း၏ ၁၇ ပွဲမြောက် နိုင်ပွဲကို ရယူခဲ့ပြီးသည့် နောက်တွင် ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို စိန်ခေါ်ရန် ဆန္ဒပြင်းပြ နေသူဖြစ်သည်။ သို့သော် ပြီးခဲ့သည့်နှစ် ဇန်နဝါရီ နောက်ပိုင်း တစ်နှစ်ကျော် နိုင်ပွဲပျောက်ဆုံး ခဲ့သည့် Ev Ting အတွက် ချန်ပီယံ စိန်ခေါ်သူ ဖြစ်ရန် ခက်ခဲသည့် စမ်းသပ်မှု တစ်ခုကို ကျော်ဖြတ်ရမည် ဖြစ်သည်။ ယင်းစမ်းသပ်မှုမှာ စင်ကာပူ၏ လက်စွမ်းထက် လူငယ် ကစားသမား တစ်ဦးဖြစ်သည့် Amir Khan ကို ၎င်း၏ အိမ်ကွင်းတွင် ရင်ဆိုင် အနိုင်ယူရန် ဖြစ်သည်။

အာရှတစ်လွှားနှင့် နယူးဇီလန်၊ သြစတြေးလျ စသည့် နိုင်ငံများမှ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည့် Ev Ting သည် အတွေ့အကြုံ များပြားသည့် ကစားသမား တစ်ဦးဖြစ်သည်။ ONE Championship တွင်လည်း နာမည်ကြီး ကစားသမား များကို အနိုင်ယူခဲ့ဖူးပြီး ယခုပြိုင်ပွဲ တစ်ခုတည်းတွင်ပင် ပွဲပေါင်း ၁၅ ပွဲ ကစားခဲ့ဖူးသည့် သက်တမ်းရှည် ကစားသမား ဖြစ်သည်။ အသက် ၃ဝ ရှိနေပြီဖြစ်သည့် Ev Ting အတွက် အကောင်းဆုံး လက်စွမ်း ရရှိနိုင်သည့် အသက်အရွယ်ကို မကျော်မီတွင် အောင်မြင်မှု ကြီးကြီးမားမား တစ်ခုခု ရလိုနေသူ ဖြစ်သည့်အတွက် ယခုပြိုင်ပွဲတွင် လက်စွမ်း ပြနိုင်ချေ ရှိသည့် ကစားသမား တစ်ဦး ဖြစ်သည်။

(၂) Northcutt မိသားစု ဂုဏ်ဆောင်ရမည့် Colbey

UFC ပြိုင်ပွဲတွင် နာမည်ကျော်ကြား လူသိများခဲ့သည့် “Super” Sage Northcutt သည် ONE Championship သို့ ၎င်းကိုယ်တိုင် ပြောင်းရွှေ့ ခဲ့သည့်အပြင် နောက်ထပ် Northcutt မိသားစုဝင် တစ်ဦးကိုလည်း ထပ်မံ ခေါ်ယူခဲ့သည်။ ယင်းမိသားစုဝင်မှာ Sage ၏ အစ်မ ဖြစ်သော Colbey Northcutt ဖြစ်သည်။ အသက် ၂၆ နှစ်ရှိသူ Colbey သည် ကရာတေး ကမ္ဘာ့ချန်ပီယံ ဘဝမှ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား နယ်ပယ်သို့ ကူးပြောင်းလာခြင်း ဖြစ်ပြီး အပျော်တမ်း ပြိုင်ပွဲများတွင် ၃ ပွဲနိုင် ၁ ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ပရော်ဖက်ရှင်နယ် ဘဝတွင်တော့ တစ်ပွဲသာ ကစားရသေးကာ ယင်းပွဲကို ရှုံးနိမ့်ခဲ့သည်။

၎င်း၏ ပထမဆုံး ONE Championship ပွဲအဖြစ် ယှဉ်ပြိုင်ရမည့် Colbey သည် ဖခင်ဖြစ်သူ ကရာတေး ခါးပတ်နက် ကစားသမားကြီး၏ အနီးကပ် သင်ကြားပေး မှုကြောင့် ကိုယ်ခံပညာနှင့် ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သူ ဖြစ်သည်။ အပျော်တမ်း ပြိုင်ပွဲများသာ ယှဉ်ပြိုင်နေ ခဲ့သည့် Colbey သည် ၂ဝ၁၇ တွင် ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာ သိုင်းပေါင်းစုံ လောကထဲ စဝင်ခဲ့ သော်လည်း ယင်းပွဲ ရှုံးနိမ့်ခဲ့သဖြင့် အချိန်ယူ လေ့ကျင့်ပြင်ဆင်မှုများ ပြန်လုပ်နေသူ ဖြစ်သည်။ ၎င်းနှင့် ရင်ဆိုင်ရမည့် ပြိုင်ဘက်မှာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ တစ်ပွဲသာ ကစားဖူးသည့် အင်ဒိုနီးရှား ကရာတေး ချန်ပီယံ Putri Padmi ဖြစ်သည်။ ထို့ကြောင့် အစ်ကိုဖြစ်သူ ခြေရာနင်းရန် ကြိုးစားနေသည့် Colbey အနေဖြင့် ယခုပွဲတွင် လက်စွမ်းပြ အနိုင်ရခဲ့ပါက အံ့သြစရာ ဖြစ်မည် မဟုတ်ပေ။

(၃) လက်စွမ်းအမှန်ကို သက်သေပြမည့် Petchmorakot

ယခုနှစ်အတွင်း ကျင်းပသည့် ဖယ်သာဝိတ်တန်း Kickboxing GP ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်သွားသူ Giorgio “The Doctor” Petrosyan ကို ကွာတားဖိုင်နယ်တွင် အနိုင်ရမလို ဖြစ်ခဲ့သည့် ထိုင်းကစားသမား Petchmorakot Petchyindee Academy သည် ယခုနှစ် အတွင်း စိတ်ဝင်စားဖွယ် အကောင်းဆုံး မွေထိုင်း ကစားသမား ဖြစ်သည်။ Petchmorakot သည် Petrosyan နှင့် ပွဲတွင် မွေထိုင်း၏ စည်းမျဉ်းစည်းကမ်းများ အတိုင်း ကစားခဲ့သော်လည်း ပွဲက Kickboxing ပွဲ ဖြစ်နေသဖြင့် မတူညီသော စည်းမျဉ်းများကြောင့် ၎င်း၏ အနိုင်ရမှုကို တာဝန်ရှိသူ များက ပယ်ဖျက်ခဲ့ရကာ ခက်ခဲသည့် အောင်ပွဲတစ်ခုကို လက်လွှတ်ခဲ့ ရသည်။

ကစားသမား ဘဝတစ်လျှောက် ပွဲပေါင်း ၂ဝဝ ကျော် ကစားထားသည့် Petchmorakot သည် အသက်အရွယ် အားဖြင့် ၂၆ နှစ်သာ ရှိသေးသောကြောင့် အကောင်းဆုံး အသက်အရွယ်နှင့် လက်စွမ်းကို ပိုင်ဆိုင်နေသူဟု ယူဆနိုင်သည်။ ၎င်းနှင့် ရင်ဆိုင်ရမည့် ပြိုင်ဘက်မှာ MTGP နှင့် WMC မွေထိုင်း ကမ္ဘာ့ချန်ပီယံ ခါးပတ်များကို သိမ်းပိုက်ခဲ့သည့် အင်္ဂလန် နိုင်ငံသား Charlie “Boy” Peters ဖြစ်သည်။ Petrosyan နှင့် ပွဲတွင် လက်လွှတ်ခဲ့ရသည့် အောင်မြင်မှုမျိုး တဖန် ပြန်လည် ရယူကာ ဖယ်သာဝိတ်တန်း၏ အကောင်းဆုံး မွေထိုင်း ကစားသမား တစ်ဦး ဖြစ်ကြောင်း သက်သေ ပြလိုနေသည့် Petchmorakot သည် ယခုပွဲတွင် လက်စွမ်းပြနိုင်မည့် ကစားသမား ဖြစ်သည်။

(၄) ဒေသတွင်း နံပါတ်တစ် ဖြစ်လိုသည့် Nguyen

မြန်မာ ပရိသတ်နှင့် မစိမ်းသည့် ဗီယက်နမ် မွေထိုင်း ကစားသမား Nguyen “No.1” Tran Duy Nhat သည် မွေထိုင်းလက်ဝှေ့တွင် ကမ္ဘာ့ချန်ပီယံ ခါးပတ် ၇ ကြိမ် ရခဲ့ဖူးသူ ဖြစ်သည်။ ထို့ပြင် Nguyen သည် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် World Lethwei Championship-WLC ပြိုင်ပွဲတွင် နိုင်ပွဲများ ရယူခဲ့ဖူးသည်။ ဗီယက်နမ်တွင် ပထမဆုံး ကျင်းပသည့် ONE Championship ပြိုင်ပွဲတွင် ပါဝင်ခွင့် ရခဲ့သူ Nguyen သည် ၎င်း၏ အစွမ်းကို ကမ္ဘာ့ ပရိသတ်ထံ ပြသခွင့် ရခဲ့ကာ ပြိုင်ဘက်ကို အလဲထိုး အနိုင်ယူခဲ့သည်။ နိုင်ငံ့ လက်ရွေးစင် မွေထိုင်း ကစားသမား တစ်ဦးလည်း ဖြစ်သည့် Nguyen သည် ယခုပြိုင်ပွဲကြီးတွင် ၎င်း၏ ဒုတိယမြောက် ONE Championship ပွဲအဖြစ် ကစားခွင့် ရမည်ဖြစ်သည်။

Nguyen ၏ ဖခင်ဖြစ်သူသည့် ၁၉၇ဝ တစ်ဝိုက်က လျမ်းလျမ်းတောက် ကျော်ကြားခဲ့သည့် သိုင်းဆရာကြီး တစ်ဦးဖြစ်သလို မိခင်မှာလည်း ဗီယက်နမ်သို့ အနောက်တိုင်း လက်ဝှေ့ပညာ သယ်ဆောင်လာသည့် ပထမ မျိုးဆက် ဖြစ်သည်။ သို့သော် Nguyen က Ong Bak ဇာတ်ကားကို ကြည့်ပြီး မွေထိုင်းပညာကို ပိုမို စိတ်ဝင်စားခဲ့ကာ တက္ကသိုလ် ကျောင်းသား ဘဝ ကတည်းက လေ့ကျင့်သင်ယူ ခဲ့သူ ဖြစ်သည်။ ဒေသတွင်း ပြိုင်ပွဲများတွင် လှည့်လည် အစွမ်းပြနေသည့် Nguyen သည် ယခုပြိုင်ပွဲတွင် WMC မွေထိုင်း ကမ္ဘာ့ ချန်ပီယံ ဂျပန် နိုင်ငံသား Yuta Watanabe နှင့် ရင်ဆိုင်ရမည် ဖြစ်ကာ အကောင်းဆုံး လက်စွမ်းပြ အနိုင်ယူ နိုင်ဖွယ် ရှိသည့် ကစားသမား ဖြစ်သည်။

ONE: Edge of Greatness ပြိုင်ပွဲကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး Facebook, Twitter, YouTube, and the ONE Super App တွင် ညနေ ၅ နာရီ၌ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပြီး Skynet Sports 3 နှင့် MNTV တို့တွင် ည ၇ နာရီအချိန်၌ တိုက်ရိုက် ထုတ်လွှင့်မည်ဖြစ်သည်။
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top