Global Martial Arts ဆုပေးပွဲကြီး အောင်လအန်ဆန်သည် တစ်နှစ်တာအကောင်းဆုံးအမျိုးသား အားကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့

1111.png

မြန်မာနိုင်ငံသားများ၏ အချစ်တော်အောင်လအန်ဆန်သည် စင်္ကာပူနိုင်ငံရှိ JW Marriott Hotel တွင် လွန်ခဲ့သောတစ်ပတ်က ခမ်းနားစွာကျင်းပခဲ့သည့် Global Martial Arts ဆုပေးပွဲကြီးတွင် ဆုတံဆိပ် ၂ ခု ရယူ သိမ်းပိုက်နိုင်ခဲ့သည်။

ယင်းဆုပေးပွဲတွင် ONE မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် ၂၀၁၈ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားအားကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

ဝိတ်တန်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံသည် ပြီးခဲ့သော ဇွန်လက မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ONE: SPIRIT OF A WARRIOR ပြိုင်ပွဲကြီး၏ အဓိကပွဲစဉ်တွင် ဂျပန်နိုင်ငံသား Ken Hasegawa နှင့် အကြိတ်အနယ် ထိုးသတ်ယှဉ်ပြိုင်ခဲ့ရသော ပွဲကြီးအတွက်လည်း တစ်နှစ်တာ၏ အကောင်းဆုံးပွဲစဉ် ‘Bout of the Year’ ဆုရှင်အဖြစ် ထပ်မံသတ်မှတ်ခြင်းခံခဲ့ရသည်။

ဆုပေးပွဲအပြီးတွင် အောင်လအန်ဆန်က “ကျွန်တော်အိမ်မက်က ဘယ်ကစားသမားနဲ့မဆို ရင်ဆိုင်ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ကစားသမား တစ်ယောက်ဖြစ်ဖို့ပါပဲ။ ကျွန်တော် ကစားသမားကောင်းတစ်ယောက်ဖြစ်လာဖို့အတွက် ကြိုးစားသွားမှာပါ။” ဟု ပြောကြားခဲ့ပါသည်။

“မြန်မာ့စပါးအုံး” အောင်လအန်ဆန်သည် ယမန်နှစ်က Vitaly Bigdash ကို ရှုံးနိမ့်ပြီးနောက် နိုင်ပွဲများဆက်တိုက် ရရှိနေခဲ့သည်။ ထိုရှုံးပွဲအပြီး ၅ လအကြာတွင် Vitaly Bigdash နှင့် ထပ်မံရင်ဆိုင်ခဲ့သောပွဲ၌ ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို အရယူကာ ရှုံးကြွေးဆပ်နိုင်ခဲ့သည်။

အောင်လအန်ဆန်သည် ၎င်းနောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်သုံးခုလုံးတွင် အလဲထိုးကွက်ဖြင့် အနိုင်ရယူခဲ့သူဖြစ်ကာ၊ နောက်ဆုံးပွဲစဉ်အဖြစ် ပြီးခဲ့သော အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ၌ ကျင်းပခဲ့သော ONE: PURSUIT OF GREATNESS ပြိုင်ပွဲကြီး၏ အဓိကပွဲစဉ်တွင် ရှုံးပွဲမရှိမှတ်တမ်းတင်ထားသော လက်ဘနွန်ကစားသမား Mohammad Karaki ကို ရင်ဆိုင်အနိုင်ယူခဲ့ကာ ၎င်း၏ ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဒုတိယအကြိမ် အောင်မြင်စွာ ကာကွယ်သွားနိုင်ခဲ့သည်။

အောင်လအန်ဆန်သည် Karaki ကို ပထမအချီ၏ ၂ မိနစ် ၂၁ စက္ကန့်တွင် အလဲထိုးပြီးနောက် “ဒါက အစပဲရှိပါသေးတယ်။ ကျွန်တော် ဒီထက်ပိုကောင်းအောင် ကြိုးစားသွားမှာပါ။ ဒီထက်ပိုကောင်းအောင် ယှဉ်ပြိုင်သွားနိုင်ဖို့ ကျွန်တော် ကတိပေးပါတယ်။” ဟု ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံသူနိုင်ငံသား သန်း ၆၀ ရှိပါတယ်။ အားလုံးအတူတူ စည်းလုံးညီညွတ်စွာနဲ့ ကြိုးစားသွားမယ်ဆိုရင် ကျွန်တော်တို့ ဘာကိုမဆို အရယူသွားနိုင်ပါတယ်။” “မြန်မာနိုင်ငံသူနိုင်ငံသား သန်း ၆၀ နဲ့အတူတူ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ စည်းလုံးညီညွတ်စွာနဲ့ အတူတူ ကြိုးစားသွားမယ်ဆိုရင် ဘာမဆိုအရယူနိုင်မှာပါ။” ဟု ထပ်မံပြောကြားသည်။

အောင်လအန်ဆန်သည် ၂၀၁၈ ခုနှစ်အတွင်း ပွဲစဉ် ၃ ခု ယှဉ်ပြိုင်ခဲ့ကာ၊ ဖိလစ်ပိုင်နိုင်ငံသား ကိုယ်ခံပညာကစားသမား ONE ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဖြစ်သူ Brandon Vera နှင့် ယှဉ်ပြိုင်ထိုးသတ်ပြီး ONE လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်သွားရန် မျှော်လင့်လျက်ရှိသည်။

ႊTeam (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top