တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်ကယ်ဆယ်ရေးအဖွဲ့ဝင် ၅ ဦး သေဆုံး

9-26-2022-yyl-28.jpg

တိုင်ဖွန်းမုန်တိုင်း နိုရူ တိုက်ခတ်ချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဖိလစ်ပိုင် ကယ်ဆယ်ရေးအဖွဲ့ဝင် ၅ ဦး ရေစီးနဲ့အတူ မျောပါပြီး သေဆုံးခဲ့ပါတယ်။ သူတို့ဟာ မနီလာမြို့ရဲ့ မြောက်ဘက် ဆန်မီဂွယ်ခရိုင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတုန်း သေဆုံးခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံကို စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် ဝင်ရောက်ခဲ့တဲ့ နိုရူဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၈ နာရီ၊ ၂၀ မိနစ်အချိန်မှာ တိုင်ဖွန်းမုန်တိုင်းအဖြစ် အားပျော့သွားခဲ့တာပါ။ တိုင်ဖွန်းမုန်တိုင်း နိုရူကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ လူဦးရေတစ်ဝက်ကျော် နေထိုင်ရာ လူဇွန်ကျွန်းမှာ တစ်နာရီ ၁၄၉ မိုင်နှုန်းအထိ လေပြင်းတိုက်ခတ်ခဲ့ပါတယ်။

မုန်တိုင်းဖြတ်သန်းမယ့် လမ်းကြောင်းကနေ လူ ၇၄၀၀၀ ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ နေအိမ်များစွာ ရေဘေးသင့်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့ခဲ့သူသန်းချီ ရှိခဲ့ပါတယ်။

ရေဘေးသင့်သူတွေအတွက် အထောက်အပံ့ပစ္စည်းတွေကို ရဟတ်ယာဉ်နဲ့ ဖြန့်ဖြူးပေးဖို့၊ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံစားရတဲ့ ဒေသတွေမှာ သန့်ရှင်းရေးပစ္စည်းတွေ ပံ့ပိုးပေးဖို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က ညွှန်ကြားထားပါတယ်။

ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းပေါင်း ၇၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ မုန်တိုင်းတိုက်ခတ်မှုတွေကြောင့် အထိနာလေ့ရှိပြီး နှစ်စဉ်နှစ်တိုင်း ပျမ်းမျှအားဖြင့် အပူပိုင်းမုန်တိုင်းအလုံး ၂၀ ဝင်ရောက်တိုက်ခတ်လေ့ရှိပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလက တိုင်ဖွန်းမုန်တိုင်း ရိုင်ကြောင့် လူ ၄၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အင်အားအပြင်းဆုံးမုန်တိုင်းတစ်လုံးဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်း ဟိုင်ယန်ကြောင့် ၂၀၁၃ ခုနှစ်က လူ ၆၃၀၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။

Ref:Typhoon Noru: Five rescuers dead as typhoon hits Philippines

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top