ကျွန်တော့် အဖေ (သို့) ဘဝရဲ့ အလင်းတန်း

41748656_582413282173860_3845778227247185920_n.jpg

ကျွန်တော် အဖေ့ကို မုန်းတယ်။ ကျွန်တော် လူကြားထဲမှာ သူ့ကို အဖေလို့ မခေါ်ချင်ဘူး။ ကျွန်တော်ရှက်တယ်။ ဘာလို့လဲဆိုတော့

သူ့မှာ မျက်လုံးတစ်လုံးပဲ ရှိလို့ပဲ။ သူက ကျွန်တော်တို့ကျောင်းမှာ ဆရာဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေအတွက် အစားအစာချက်ပြုတ်ရတဲ့ အလုပ်ကို တာဝန်ယူထားပါတယ်။ တစ်နေ့တော့ အဖေက ကျွန်တော့်ကို သူငယ်ချင်းတွေကြားထဲမှာ ” ဟဲလို…သား”လို့ လာနှုတ်ဆက်တယ်။ ကျွန်တော် ရှက်လိုက်တာဗျာ။ ကျွန်တော် တစ်စုံတစ်ရာဘာမှပြန်မပြောဘဲ ရှက်ရှက်နဲ့ သူနဲ့ဝေးရာကို ထွက်ပြေးခဲ့ပါတယ်။

နောက်တစ်နေ့ ကျောင်းခန်းထဲကို ရောက်တဲ့အခါမှာတော့ အတန်းဖော်သူငယ်ချင်းများက “သူငယ်ချင်း…မင်းအဖေက မျက်လုံးတစ်လုံးပဲရှိပါလား” ဆိုပြီး စကြနောက်ကြပါတော့တယ်။ ကျွန်တော် ဒေါသလည်းထွက် ရှက်ကလည်းရှက်နဲ့ အိမ်ပြန်လာခဲ့တယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ အဖေ့ကို ကြမ်းကြမ်းတမ်းတမ်းစကားတွေ ပြောပြီး အိမ်ကနေ ကျွန်တော်အပြီးအပိုင် ထွက်လာခဲ့ပါတော့တယ်။

ကျွန်တော့် ဘဝကို ခက်ခက်ခဲခဲရပ်တည်ခဲ့ရပြီး နယ်မြို့လေးတစ်ခုကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အ့ဒီနောက် နှစ်အတော်ကြာမှာတော့ ကျွန်တော် အိမ်ထောင်ပြုခဲ့ပြီး ကိုယ်ပိုင်မိသားစုလေးတစ်ခုကို ပျော်ပျော်ရွှင်ရွှင် ဖန်တီးနိင်ခဲ့ပါတယ်။ မွေးရပ်မြေမှာ ကျန်ခဲ့တဲ့ အဖေဖြစ်တဲ့သူကို မေ့လျော့ပြီးတော့ပေါ့။ တစ်နေ့မှာတော့ အဖေက ကျွန်တော်ရဲ့ လိပ်စာကို စုံစမ်းပြီးတော့ မြေးဖြစ်တဲ့ ကျွန်တော့်ရဲ့ သားသမီးလေးတွေကို တွေ့ချင်တဲ့ ဆန္ဒနဲ့ ရောက်ရှိလာခဲ့ပါတယ်။ ကျွန်တော်လည်း မမျှော်လင့်ထားတာကြောင့် အံ့ဩသွားခဲ့ပြီး “ကျွန်တော့်ရဲ့ အိမ်ကို ဘာကြောင့် ရောက်လာတာလဲ။ ကျွန်တော့်ကလေးတွေကိုပါ အရှက်ရစေချင်လို့လား။ ထွက်သွားပေးပါ” လို့ နှင်လွှတ်ခဲ့မိပါတယ်။ အဖေက “အိုး…တောင်းပန်ပါတယ်။ လိပ်စာမှားပြီးဝင်မိတာပါ” လို့ ပြောပြီး ကျွန်တော့်မြင်ကွင်းကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ်။

တစ်နေ့မှာတော့ အရင်က ကျွန်တော်တက်ခဲ့တဲ့ ကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံပွဲ ဖိတ်ကြားလွှာကို ရရှိခဲ့ပါတယ်။ ခရီးထွက်နေတယ်ဆိုတဲ့ အကြောင်းပြချက်ပေးပြီး ကျွန်တော် မတက်ရောက်ဖြစ်ခဲ့ပါဘူး။ တွေ့ဆုံပွဲအပြီးနောက်တစ်ပတ်မှာတော့ အရင်တုန်းကနေထိုင်ခဲ့တဲ့ မြို့လေးကို ကျွန်တော် အလုပ်ကိစ္စတစ်ခုနဲ့ ရောက်လာခဲ့ပါတယ်။ အဖေဆုံးပြီဆိုတာကို အသိတစ်ယောက်ပြောပြလို့သိခဲ့ရတယ်။ အဲဒီနောက် “ဒီစာက မင်းအဖေမသေခင် ရေးထားခဲ့တာ” လို့ဆိုပြီး စာတစ်စောင်ကို ကျွန်တော့်လက်ထဲထည့်ပေးပါတယ်။

စာလေးကို ဖွင့်ကြည့်လိုက်တဲ့အခါ ” သားလေးရေ.…မင်းရဲ့ အိမ်ကို ခွင့်မတောင်းဘဲနဲ့ လာခဲ့မိတဲ့အတွက်ရော သားရဲ့ကလေးတွေကို ကြောက်ရွံစေခဲ့တဲ့အတွက်ရော အဖေတောင်းပန်ပါတယ်။ ရှေ့လာမယ့်အပတ်ထဲ သားငယ်ငယ်ကတက်ခဲ့တဲ့ကျောင်းမှာ တွေ့ဆုံပွဲလေးရှိတယ်နော်။ သားလာမယ်ဆိုရင်တောင် အဖေလာတွေ့လို့မရတော့ဘူး။ ဘာလို့လဲဆိုတော့ အဖေက အိပ်ယာထဲလဲနေတဲ့အခြေအနေကို ရောက်နေပြီလေ။ သား… အဖေကြောင့် သားဘဝမှာ ရှက်စရာ အဖြစ်အပျက်တွေ တွေ့ကြုံခဲ့ရတာတွေအတွက် တောင်းပန်ပါတယ်။ ဟိုးငယ်ငယ်တုန်းက အဖေနဲ့အတူတူ သား မတော်တဆလေးတစ်ခုဖြစ်ခဲ့တာ မှတ်မိလား။ အဲဒီမတော်တဆအဖြစ်အပျက်လေးမှာ အဖေက ဘာမှမဖြစ်ပေမဲ့ သားရဲ့ မျက်လုံးတစ်လုံးထိခိုက်သွားခဲ့တယ်။ အဖေ့အနေနဲ့ ကိုယ့်သားဘဝတစ်လျှောက်လုံး မျက်စိတစ်လုံးထဲနဲ့ဘဝကို ဖြတ်သန်းရမှာကို မလိုလားတဲ့အတွက်ကြောင့် အဖေ့ရဲ့ မျက်ကြည်လွှာကို သားအတွက် ပေးခဲ့တာပါ။ အဖေ့ မျက်ကြည်လွှာကြောင့် သားရဲ့ ဘဝတစ်လျှောက် မျက်နှာမငယ်ဘဲ သူများနည်းတူနေထိုင်သွားနိုင်တာကို အဖေ ကြည်နူးဂုဏ်ယူပါတယ် သား”လို့ ရေးထားပါတယ်။

ဒီစာကိုဖတ်ပြီးတဲ့နောက် ကျွန်တော့် နောင်တကြီးစွာရရှိခဲ့လို့ မျက်ဝန်းအိမ်ထဲကနေ မျက်ရည်တွေ စီးကျလာတယ်။ ကျွန်တော်တောင်းပန်ချင်ပေမဲ့ အဖေကတော့ ကျွန်တော့်ကို ထာဝရနှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီလေ။

Ref: ” My Dad”

Paradise (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top