ဂီတဖျော်ဖြေပွဲတွေကိုစွဲလမ်းတဲ့ ဂီတဝါသနာအိုးတွေဟာ ဆယ်စုနှစ်တစ်ခုစာ ပိုပြီးအသက်ရှည်နိုင်

40098242_315280525895361_3010633162368745472_n.jpg

ဂီတပွဲတွေ အချိန်ပေးပြီး သွားရတာ၊ နားထောင်ခံစားရတာဟာ ဂီတကိုစွဲလန်းသူတိုင်းအတွက် သုခနိဗ္ဗာန်လို့ ဆိုရမှာပါပဲ။ အထူးသဖြင့် ကိုယ်သိပ်ကြိုက်ပြီး အရူးအမူးဖြစ်ရတဲ့ ဂီတသမားတွေရဲ့ ဖျော်ဖြေပွဲဆို

လက်လွတ်ခံချင်တဲ့သူ ဘယ်သူရှိပါ့မလဲ။ သိပ်စိတ်လှုပ်ရှားရတဲ့ အချိန်မျိုးတွေကိုး။ ဂီတကိုမြတ်နိုးသူတိုင်း သဘောတူကြမယ်ထင်ပါတယ်။

ဒါကြောင့် ဂီတချစ်သူတွေနဲ့ ပတ်သက်ပြီး သတင်းကောင်းတစ်ခုကို တင်ဆက်ပေးဖို့ဖြစ်လာပါတယ်။ ကိုယ်စွဲမက်ရတဲ့ အကျင့်ဝါသနာဟာ ကိုယ့်ရဲ့ကျန်းမာရေးအတွက် တိုက်ရိုက်အချိုးကျ အထောက်အကူပြုနေမယ်ဆိုရင် ဒီထက်ပိုမက်မောစရာ ဆုလာဘ်တောင် မရှိနိုင်လောက်ပါဘူး။

ဂီတဖျော်ဖြေပွဲကို ပုံမှန်နားဆင်ခံစားပေးသူတွေဟာ ကိုယ်စိတ်ကျန်းမာရေးကို အလိုလိုမြှင့်တင်ပြီးသားဖြစ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါးစာ ပိုမို အသက်ရှည်နေထိုင်နိုင်ကြပါတယ်လို့ သိပ္ပံပညာရှင်တွေရဲ့ သုတေသနပြု ထောက်ခံမှုအရ သိရပါတယ်။ လူတစ်ယောက်ရဲ့ ကျန်းမာသုခဟာ ယောဂကျင့်တဲ့အခါ ဆယ်ရာခိုင်နှုန်းတိုးတက်လာပြီး ခွေးနဲ့အတူလမ်းလျှောက်ထွက်တဲ့အခါ ၇ ရာခိုင်နှုန်းတိုးတက်လာသလို ပိုပြီး ထူးခြားတဲ့အချက်က စိတ်လှုပ်ရှားရတဲ့ ဂီတပွဲတစ်ခုကို မိနစ် ၂၀ စာ ကြည့်ရှုခံစားတာဟာ ၂၁ ရာခိုင်နှုန်းအထိ တိုးတက်စေကြောင်း တွေ့ရှိခဲ့တာပါ။

ဘာကြောင့်လဲဆိုတော့ ဂီတပွဲတွေကို သွားတဲ့အခါ စိတ်တူကိုယ်တူတွေနဲ့ အတူတူ စုဝေးခွင့်ရတာကြောင့် လူတွေအပေါ်ချစ်ခင်ရင်းနှီးတဲ့ အကောင်းမြင်စိတ်ဟာ ၂၅ ရာခိုင်နှုန်း မြင့်တက်လာပြီး၊ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိတဲ့ တန်ဖိုးထားမှုဟာ ၂၅ ရာခိုင်နှုန်း တိုးတက်လာတဲ့အပြင် စိတ်ပိုင်းဆိုင်ရာစေ့ဆော်မှုဟာ ၇၅ ရာခိုင်နှုန်းအထိ တစ်ရှိန်ထိုးမြင့်တက်လာတာကြောင့်ပါပဲ။

ဂီတပွဲကို ပုံမှန်ကြည့်ရှုပေးဖို့ အကောင်းဆုံး အချိန်အပိုင်းအခြားကတော့ “နှစ်ပတ်တစ်ကြိမ်” လို့ သိရပါတယ်။ ဒီလိုပုံမှန်နားဆင်ပေးခြင်းဟာ မိမိကိုယ်ကိုမိမိ တန်ဖိုးထားမှု၊ ပျော်ရွှင်မှု၊ စိတ်အားရကျေနပ်မှု နဲ့ ဖန်တီးစွမ်းရည်တွေကို အဆမတန် တိုးမြင့်စေတာပါ။ ကိုယ်သိပ်ကြိုက်ရတဲ့ ဂီတပွဲတွေပြီးတိုင်း “ကြည့်ရတာ အရမ်းတန်လိုက်တာ” လို့ ရေရွတ်မိတာဟာ အချိန်ပေးရကျိုးနပ်တဲ့ အကျိုးထူးရလဒ်ပါပဲ။

ဂီတပွဲတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခံစားနားဆင်တာဟာ အိမ်မှာ သီချင်းဖွင့်နားထောင်ရတာထက် ပျော်ရွှင်မှုကို သိသိသာသာ သက်ရောက်ခံစားခွင့်ရတဲ့အကြောင်း ဂီတချစ်သူတွေကလည်း ဖွင့်ဟခဲ့ကြပါတယ်။ ဂီတနဲ့ဆက်နွယ်နေနဲ့ နက်ရှိုင်းတဲ့တန်ဖိုးတွေဟာ လူတွေအတွက် အချိန်ဖြုန်းရုံသက်သက်ထက် အများကြီးပိုပါတယ်။ ဂီတဝါသနာအိုးအချင်းချင်းတော့ လက်ခံနားလည်ပြီးသား ဖြစ်ပါလိမ့်မယ်။

Ref: Elcrema.com “Seeing Plenty of Concerts Raises Life”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top