ဟယ်ရီစတိုင်ရဲ့ဖျော်ဖြေပွဲမှာ ကောင်လေးတစ်​ယောက် အမြင့် ၃၂ ပေကနေ စောက်ထိုးပြုတ်ကျခဲ့ပေမဲ့ ကံသီလို့ အသက်မဆုံးရှုံးခဲ့ရ

15-6-2022-yyl14.jpg

ဇွန်လ ၁၁ ရက်နေ့ညက အဆိုတော် ဟယ်ရီစတိုင်ရဲ့ဖျော်ဖြေပွဲမှာ ဒါလန် ဝုဒ် ဆိုတဲ့ အသက် ၂၀ အရွယ် ကောင်လေးဟာ Ibrox ဘောလုံးကွင်းရဲ့ ထိပ်ဆုံးထပ်ကနေ အောက်ကို စောက်ထိုးပြုတ်ကျသွားခဲ့လို့ ဆေးရုံကို အလျင်အမြန်ပို့ဆောင်ကယ်တင်ပြီး အရေးပေါ်ခန်းမှာ အသက်ရှုစက်နဲ့ထားခဲ့ရပါတယ်။ အခုတော့ အသက်ရှုစက်ဖြုတ်လိုက်ပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ပါဘူး။

သူ့ရဲ့မိခင် မာရီယွန်ဟော်ကင်စ်က ဒါလန်ရဲ့အခြေအနေနဲ့ အမြင့် ၃၂ ပေကနေပြုတ်ကျခဲ့ပေမဲ့ အသက်ရှင်ခဲ့တဲ့အတွက် ဆရာဝန်တွေ မယုံကြည်နိုင်ဖြစ်ခဲ့ရတယ်ဆိုတာကို ထုတ်ပြောလာခဲ့ပါတယ်။ ဒါလန်က သူ့ရဲ့ဦးခေါင်းထိခိုက်ထားတာကြောင့် သူတစ်ပါးကို အားကိုးနေရမှာဖြစ်ပြီး ဆရာဝန်တွေက သူ့ကို စောင့်ကြည့်နေရဉီးမှာပါ။ ဒါလန်က​တော့ အိမ်ပြန်ဖို့ စိတ်အားထက်သန်နေတယ်။ ဒါပေမဲ့ ခေါင်းထိခိုက်ပြီး သတိမေ့သွားတဲ့အတွက် စောင့်ကြည့်ဖို့ အခြားလူနာဆောင်ကို ရွှေ့ရမှာဖြစ်တယ်လို့ မာရီယွန်က ဆိုပါတယ်။

“ကျွန်မ တုန်လှုပ်ချောက်ချားနေတုန်းပဲ။ သားလေး နည်းနည်းပါးပါး ထိမိခိုက်မိတဲ့ အဖုအရောင်တွေနဲ့ ရှရာလေးတွေပဲ ရှိခဲ့တဲ့အတွက် ကျွန်မ မယုံကြည်နိုင်​ဖြစ်ရတယ်။ ခေါင်းထိခိုက်မိပြီး သတိမေ့သွားပေမဲ့ ဘာမှကျိုးမသွားခဲ့ဘူး။ ပခုံးတော့ ရောင်ရမ်းနေတယ်။ အရမ်းပြင်းပြင်းထန်ထန်ပြုတ်ကျခဲ့ပေမဲ့ ဘာမှကြီးကြီးမားမားဖြစ်မသွားလို့ ဆရာဝန်ကတောင် မယုံနိုင်ဖြစ်ခဲ့တယ်။ ဒါက လုံးဝအံ့ဖွယ်ပါပဲ။ အခုမှ ကျွန်မတို့အားလုံး စိတ်သက်သာရပါတော့တယ်” လို့ မာရီယွန်က ပြောပါတယ်။

လူနာတင်ယာဥ်ဝန်ဆောင်မှုဆီက ဒါလန် ဆေးရုံရောက်နေတယ်ဆိုတဲ့ ဖုန်းလက်ခံရရှိခဲ့တာက သူ့ဘဝရဲ့အဆိုးရွားဆုံးအခိုက်အတန့်တွေထဲတစ်ခုဖြစ်တယ်လို့ မာရီယွန်က ဖွင့်ဟခဲ့ပါတယ်။ ဖုန်းလက်ခံရရှိတဲ့အချိန်မှာ သူက အိပ်ရာထဲမှာ ရှိနေခဲ့တာပါ။ မကြာခင် ဒါလန် အိမ်ပြန်နိုင်ဖို့ မာရီယွန် မျှော်လင့်နေပါတယ်။

ဒါလန် အိမ်ပြန်ရောက်တဲ့အခါ အားစိုက်ရတဲ့ အရာမှန်သမျှကို လုပ်ခိုင်းမှာမဟုတ်ဘူးလို့ မာရီယွန်က ​ပြောပါတယ်။ ဒါလန်က gym သွားရတာ၊ သူငယ်ချင်းတွေနဲ့ အချိန်ကုန်ရတာတွေကြိုက်တဲ့အတွက် ဒါက သူ့အတွက် ခက်ခဲပါလိမ့်မယ်။ သားဖြစ်သူကို ဆုံးရှုံးလုနီးပါးဖြစ်ခဲ့တဲ့အတွက် မျက်စိအောက်က အပျောက်ခံမှာမဟုတ်ဘူးလို့လည်း မာရီယွန်က ပြောပါတယ်။

ဟယ်ရီစတိုင်ရဲ့ဖျော်ဖြေပွဲကျင်းပတဲ့ Ibrox ဘောလုံးကွင်းမှာ ပရိသတ် ၅၀၀၀၀ ကျော်နဲ့ ရုံလျှံမတတ်ဖြစ်ခဲ့ပါတယ်။ ည ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်လောက် Kiwi သီချင်းကို ဟယ်ရီစတိုင်ဖျော်ဖြေနေစဥ်အတွင်း ဒါလန်က တတိယထပ်ကနေ Main Stand အတွင်းက လူတွေအပေါ် ပြုတ်ကျသွားခဲ့တာပါ။ သူ မှန်းထားတာထက် ပိုနိမ့်နေတဲ့ အရန်းအတားကို မှီဖို့ကြိုးစားရင်းနဲ့ အပေါ်ကနေ ထိုးကျသွားခဲ့ပုံရပါတယ်။

Ref: TheSun “My son fell 35ft at Harry Styles concert and was put on LIFE SUPPORT, it’s a miracle he survived”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top