နည်းပညာဖြင့် သန္ဓေဆောင်ပြီး ရှားပါးမျိုးစိတ်ကြံ့တစ်ကောင် မွေးဖွားနိုင်ခဲ့

in1-1.jpg

အမေရိကန်နိုင်ငံ မိုင်ယာမီမြို့က တိရစ္ဆာန်ရုံမှာ နည်းပညာအကူအညီကြောင့် ရှားပါးမျိုးစိတ်ကြံ့တစ်ကောင်ကို မွေးဖွားနိုင်ခဲ့ပါတယ်။ ဦးချိုတစ်ချောင်းပဲပါတဲ့ အိန္ဒိယကြံ့မျိုးစိတ်ကို နည်းပညာအကူအညီယူပြီး သားဖောက်နိုင်ခဲ့တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ (၇) နှစ်သားအရွယ်ရှိတဲ့ ကြံ့မ အကူတီကို (၁၈) နှစ်သားအရွယ်ရှိတဲ့ ကြံ့ထီးကြီး ဆာရူနဲ့ သဘာဝအတိုင်း သားဖောက်ဖို့ ထပ်ဖန်တလဲလဲ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်တာကြောင့် နည်းပညာအကူအညီ ရယူခဲ့တာဖြစ်ပါတယ်။

Artificial Insemination လို့ခေါ်တဲ့ နည်းလမ်းအရ ကြံ့အထီးရဲ့ သုက်ပိုးကို ကြံ့အမရဲ့ ယောနိကတစ်ဆင့် သားအိမ်ထဲကို ထည့်သွင်းပြီး သန္ဓေဆောင်နိုင်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ ဦးချိုကို ဖြတ်ယူလိုကြတဲ့ သားသတ်သမားတွေကြောင့် ကမ္ဘာပေါ်မှာ ဦးချိုတစ်ချောင်းပါ အိန္ဒိယကြံ့မျိုးစိတ် ၃၅၀၀ နီးပါးပဲရှိတော့တယ်လို့ နိုင်ငံတကာကြံ့ဖောင်ဒေးရှင်းက ပြောပါတယ်။

အိန္ဒိယကြံ့မျိုးစိတ်တွေဟာ သန္ဓေဆောင်ချိန် (၁၅) လကနေ (၁၆) လကြား ကြာမြင့်ပြီး ကြံ့အမတွေဟာ (၂) နှစ်ကနေ (၃) နှစ်ကြားမှာ ကြံ့သားပေါက်တစ်ကောင်ပဲ သားပေါက်လေ့ရှိပါတယ်။ အခုသားပေါက်ခဲ့တဲ့ ကြံ့လေးက အထီးလား၊ အမလားဆိုတာ ခွဲခြားမသိရသေးပါဘူး။ လောလောဆယ်မှာတော့ မိခင်ရော၊ သားပေါက်လေးပါ ကျန်းမာနေတဲ့ပုံစံပဲလို့ တိရစ္ဆာန်ရုံက ထုတ်ပြန်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top