လာမယ့် ၅ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ ကြိုးတပ်ဆက်သွယ်ရေး ဈေးကွက် ၇ ရာခိုင်နှုန်း တိုးတက်မယ်လို့ GlobalData ဖော်ပြ

20-8-2020-yyl-030.jpg

မြန်မာနိုင်ငံရဲ့ ကြိုးတပ်ဆက်သွယ်ရေးဈေးကွက်(fixed communication services)ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြုံတွေ့ရမယ့် အခက်အခဲကို တွန်းလှန်နိုင်လောက်တဲ့ တောင့်တင်းမှုမျိုးရှိပြီး ဖုန်းပြောဆိုမှု၊ အင်တာနက်အသုံးပြုမှု ဝင်ငွေတွေ မြင့်တက်နေတဲ့အတွက် လာမယ့် ၅ နှစ်မှာ နှစ်စဉ်ပေါင်းစပ်ကြီးထွားတိုးတက်မှုနှုန်း (CAGR) ၇ ရာခိုင်နှုန်း(၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၁၄၄.၇ သန်းရှိရာကနေ ၂၀၂၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၀၃ သန်း) အထိ ရှိလိမ့်မယ်လို့ အချက်အလက်နဲ့ ခွဲခြမ်းစိတ်ဖြာမှု ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ GlobalData က ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်း ကြိုးဖုန်းအသုံးပြုမှုပမာဏ နည်းနေပေမဲ့ ဒီဂျစ်တယ်အသုံးပြုခွင့်ကွာဟချက်ကို လျှော့ချနိုင်ဖို့အတွက် အစိုးရက အခြေခံအဆောက်အအုံတွေကို တိုးချဲ့ဖို့ ဆောင်ရွက်နေလို့ သတ်မှတ်ထားတဲ့ အချိန်ကာလမှာ ကြိုးဖုန်းအသုံးပြုမှုတွေ အားကောင်းလာလိမ့်မယ်လို့ GlobalData ရဲ့ Myanmar Telecom Operators Country Intelligence Report အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ကနေ ၂၀၂၅ ခုနှစ်အတွင်း ကြိုးတပ်အင်တာနက်လိုင်း အသုံးပြုမှုဝင်ငွေဟာ နှစ်စဉ်ပေါင်းစပ်ကြီးထွားတိုးတက်မှုနှုန်း ၁၂.၃ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ကြိုးဖုန်းအသုံးပြုမှုဝင်ငွေကလည်း ၃.၉ ရာခိုင်နှုန်းအထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ” ၂၀၂၀-၂၀၂၅ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံမှာ ကြိုးတပ်အင်တာနက်ဝန်ဆောင်မှုပေးနိုင်ဖို့ Digital Subscriber Line (DSL)က ဦးစားပေးနည်းပညာအဖြစ် ဆက်ရှိနေမှာပါ။ ၂၀၂၀ ပြည့်နှစ်အကုန်အထိ ကြိုးတပ်အင်တာနက် အသုံးပြုမှုရဲ့ ရှယ်ယာ ၉၀.၉ ရာခိုင်နှုန်းကို DSL က ရရှိနေဦးမှာပါ။

MPT လို အော်ပရေတာတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် သတ်မှတ်ကာလမှာ ဖိုက်ဘာအင်တာနက်လိုင်းတွေ ပေါများလာမှာပါ။ ဒီဂျစ်တယ်ဖုန်းပြောဆိုမှုကဏ္ဍ(VoIP services)မှာ ကောင်းကောင်းခြေကုပ်ယူထားနိုင်တဲ့အတွက် ၂၀၂၀-၂၀၂၅ ခုနှစ်အတွင်း ကြိုးဖုန်းနဲ့ ကြိုးတပ်အင်တာနက်ဈေးကွက်ကိုပဲ MPT ကပဲ လွှမ်းမိုးထားဦးမှာပါ။ MPT ဟာ Fixed-mobile convergent (FMC)ကို ဖိုက်ဘာအင်တာနက်လိုင်းနဲ့ ပေါင်းစပ်ပြီး အိမ်သုံးအင်တာနက်အသုံးပြုသူတွေအတွက် 100Mbps မြန်နှုန်းအထိ အသုံးပြုနိုင်မယ့် ဝန်ဆောင်မှုတွေကိုလည်း တိုးမြှင့်ဆောင်ရွက်နေပါတယ်”လို့ GlobalData ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Photo Credit – Bloomberg

Ref: ” Myanmar’s fixed communications services market revenue to grow at 7% CAGR over 2020-2025, forecasts GlobalData”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top