ဂူးဂဲလ်ရဲ့ အရုပ်ဆွဲ ပြိုင်ပွဲမှာ အနိုင်ရပြီး ဒေါ်လာ ၃၀,၀၀၀ ဆွတ်ခူးသွားတဲ့ ဒုတိယတန်း ကျောင်းသူလေး

Second-grader-wins-30000-college-scholarship-for-dino-Google-Doodle.jpg

နှစ်စဉ်တိုင်း ဂူးဂဲလ်က ကျင်းပ ရွေးချယ်လေ့ရှိတဲ့ Doodle for Google ပြိုင်ပွဲမှာ ဗာဂျီးနီးယားပြည်နယ်မှာ နေထိုင်တဲ့ ဒုတိယတန်း ကျောင်းသူလေး ဆာရာ ဂိုးမက်ဇ် လိန်း (Sarah Gomez-Lane) က ဒိုင်နိုဆောရုပ်လေးတွေ ရေးဆွဲ ယှဉ်ပြိုင်ပြီး အနိုင်ရရှိကာ ကောလိပ် ပညာသင်ဆု အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ကို ဆွတ်ခူးသွားခဲ့ပါတယ်။

ဆာရာ ဂိုးမက်ဇ် လိန်းဟာ Google စာလုံးပုံစံ ဖော်လို့ရတဲ့ ဒိုင်နိုဆောရုပ်လေးတွေ ရေးဆွဲ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆာရာအပါအဝင် တခြားသော ဆန်ကာတင် စာရင်းဝင်တဲ့ ကလေးငယ်တွေဟာ Google ကုမ္ပဏီကို တစ်ရက်တာ သွားရောက်လည်ပတ်ခွင့် ရခဲ့ပြီး ကုမ္ပဏီရဲ့ ဒီဇိုင်နာတွေနဲ့ တွေ့ဆုံအပြီးမှာ ဒီဆုကို သူရရှိကြောင်း သိလိုက်ရတာပါ။

“သမီးနာမည်ကို ကြေညာလိုက်တဲ့အချိန်မှာ အရမ်းပျော်ပြီး အံ့အားလည်းသင့်သွားတယ်။ သမီးတို့ကျောင်းရဲ့ ကျောင်းအုပ်ကြီးဆီကို ဖုန်းဆက်ပြီးပြောပြလိုက်တော့ သူက “ရေး” လို့ ထအော်တော့တာပဲ လို့ ဆာရာက ဆုရရှိမှုနဲ့ပတ်သက်လို့ ပြောပြခဲ့ပါတယ်။

ဒီနှစ်အတွက် အရုပ်ဆွဲပြိုင်ပွဲရဲ့ ခေါင်းစည်းက “ကျွန်ုပ်ကို လွှမ်းမိုးတဲ့အရာက…” ဖြစ်ပါတယ်။ ဒိုင်နိုဆောတွေက သူ့ကို လွှမ်းမိုးနိုင်ပြီး ဒါကြောင့်ပဲ သူကြီးလာရင် ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တစ်ယောက် ဖြစ်ချင်တာလို့ ဆာရာက ဆိုခဲ့ပါတယ်။ ဒီဆုကို ဆာရာ ရရှိကြောင်းကို ကြေညာပြီးတဲ့နောက် ကုမ္ပဏီရဲ့ Doodle team က သူဆွဲထားတဲ့ ဒိုင်နိုဆောရုပ်လေးတွေကို သက်ဝင်လှုပ်ရှားနေတဲ့ Google Doodle အဖြစ် ပြောင်းလဲ ဖန်တီးခဲ့ပါတယ်။

“ဒီ အရုပ်လေးတွေကို ကြည့်မိသူတိုင်း အနေနဲ့ သူတို့ ကလေးဘဝတုန်းက ဘာတွေကို စိတ်ကူး အိပ်မက်ခဲ့တယ်ဆိုတာ တွေးမိသွားစေရုံသာမကဘဲ ရိုးရှင်းတဲ့ အရာလေးတွေကို ဘဝမှာ တစ်စက္ကန့်လောက်ပဲဖြစ်စေ ကြည့်မိလိုက်စေဖို့ မျှော်လင့်တာပါ” လို့ Google Doodle Team ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ရှာဖွေရေးအကြီးအကဲ Perla Campos ကပြောပါတယ်။

ဒုတိယတန်း အရွယ်သာရှိသေးတဲ့ ဆာရာ ကတော့ ကောလိပ် ပညာသင်ဆု ဒေါ်လာ ၃၀,၀၀၀ ရရှိပြီး ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် တစ်ယောက် ဖြစ်ချင်တဲ့ သူ့ရဲ့ စိတ်ကူး အိပ်မက်နဲ့ နီးစပ်ဖို့ ခြေစလှမ်းနိုင်သွားပြီလို့ ဆိုရမှာပါ။ ဒါ့အပြင် ဆာရာ့လို စိတ်ကူး အိပ်မက်တွေကို ပုံဖော်ချင်တဲ့ ကျောင်းသား ကျောင်းသူလေးတွေကို ကူညီ မြေတောင်မြှောက်ပေးနိုင်ဖို့ နည်းပညာကဏ္ဍအတွက် အသုံးစရိတ် ဒေါ်လာ ၅၀,၀၀ဝ ကို ဆာရာတက်နေတဲ့ကျောင်းထံ ပေးအပ်သွားမှာဖြစ်ကြောင်း ဂူးဂဲလ်က ထုတ်ပြန်ခဲ့ပါသေးတယ်။

Ref: CBS News “Second grader wins $30,000 college scholarship for dino Google Doodle”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top