၆ လကြာ ပုံမှန် လမ်းလျှောက်ပေးခြင်းက အာရုံကြောဆိုင်ရာ ချို့ယွင်းမှုကို လျော့ကျစေနိုင်

couple-jogging-and-running-outdoors-in-nature-CQXJ76M.jpg

တစ်ပတ်ကို သုံးကြိမ်လောက် လမ်းလျှောက်ခြင်း ဒါမှမဟုတ် စက်ဘီးစီးခြင်း ပြုလုပ်ပေးတာက နှလုံးသွေးလွှတ်ကြောကို ကောင်းမွန်စေပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းကို တိုးမြင့်လာစေသလို ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အချိန်ကြာရှည် ခံနိုင်စေတယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။ အယ်ဇိုင်းမား ရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို လျှော့ချဖို့ နေထိုင်မှုပုံစံ ပြောင်းရမယ်ဆိုတဲ့ အချက်ကိုလည်း ဆေးပညာရှင် တော်တော်များများက သတိပေး နှိုးဆော်လေ့ရှိပါတယ်။

စိတ်ဓာတ်ကျခြင်းနဲ့ နှလုံးကျန်းမာရေးပေါ်မှာ အစာအာဟာရနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ သက်ရောက်ပုံကို ဒေါက်တာ ဘလူမန်သယ် (Blumenthal) က လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုမှာ သွေးတိုး ဒါမှမဟုတ် နှလုံးကြွက်သားဆိုင်ရာ ရောဂါရှိသူ အယောက် ၁၆၀ ပါဝင်ခဲ့ပါတယ်။ ဒီအယောက် ၁၆၀ က လေ့ကျင့်ခန်းဆိုတာနဲ့ ဝေလာဝေးပြီး အာရုံ စူးစိုက်နိုင်စွမ်းမှာ အခက်အခဲ ရှိနေသူတွေ ဖြစ်ပါတယ်။

ပါဝင်သူတွေကို အဖွဲ့ ၄ ဖွဲ့ခွဲပြီး ၆ လကြာ လေ့လာခဲ့ပါတယ်။ ပထမအဖွဲ့ကတော့ သွေးတိုးကို အစားအသောက်နဲ့ ချပါတယ်။ ဆား၊ အဆီများတဲ့ အစားအစာနဲ့ အချိုတွေကို ဖြတ်ပြီး ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ပြောင်းနှံတွေကိုပဲ စားစေပါတယ်။ ဒီအုပ်စုကို အစားအသောက်အတွက်ပဲ လမ်းညွှန်ပေးပြီး ထိုင်ရာကမထတမ်း အကျင့်တွေကို ဖျောက်ဖို့တော့ မတိုက်တွန်းခဲ့ပါဘူး။

ဒုတိယအုပ်စုကိုတော့ အစားအသောက် ပြောင်းလဲဖို့ မတိုက်တွန်းဘဲ လေ့ကျင့်ခန်းကိုသာ အလေးပေးခဲ့ပါတယ်။ ပထမ ၃ လမှာတော့ ဒီအဖွဲ့ကို ၁၀ မိနစ်ကြာ သွေးပူလေ့ကျင့်ခန်း လုပ်ခိုင်းပြီး လမ်းလျှောက်ခြင်းနဲ့ စက်ဘီးစီးခြင်းကိုတော့ ၃၅ မိနစ်ကြာ လုပ်ခိုင်းခဲ့ပါတယ်။ နောက် ၃ လကြာမှာတော့ အိမ်မှာပဲ လေ့ကျင့်ခန်း လုပ်ခိုင်းခဲ့ပါတယ်။

တတိယအုပ်စုကတော့ နှစ်မျိုးစလုံး လုပ်ရပါတယ်။ တစ်ပတ်ကို ၃ ကြိမ် လေ့ကျင့်ခန်းလုပ်ပြီး အစားအသောက်နဲ့လည်း သွေးတိုးချပါတယ်။ စတုတ္ထအုပ်စုကိုတော့ ကျန်းမာရေး အသိပညာပေးသူ တစ်ယောက်နဲ့ မိနစ် ၃၀ ကြာ ဖုန်းပြောပြီး နှလုံးကြွက်သားရောဂါ ဖြစ်နိုင်ချေ လျော့ချနည်းတွေကို လမ်းညွှန်ခိုင်းပါတယ်။

၆ လ ကြာပြီးတဲ့နောက် ရလဒ်တွေမှာတော့ လေ့ကျင့်ခန်းချည်းပဲ လုပ်သူတွေက လေ့ကျင့်ခန်း မရှိသူတွေထက် ပိုပြီး လုပ်ကိုင်နိုင်မှုစွမ်းရည် တိုးတက်တာ တွေ့ရပါတယ်။ လေ့ကျင့်ခန်း မပါဘဲ အစားအစာကိုသာ အဓိကထားသူတွေမှာ တိုးတက်မှု နည်းတယ်ဆိုပေမဲ့ နည်းနည်းပဲ ကွာခြားတာ ဖြစ်ပါတယ်။ အစားအစာနဲ့ လေ့ကျင့်ခန်း ၂ မျိုးစလုံး ဂရုစိုက်သူတွေမှာတော့ အကျိုးကျေးဇူး အများဆုံး ဖြစ်ပြီး ဦးနှောက် ယိုယွင်းပျက်စီးမှုတွေလည်း နည်းပါးတယ်လို့ သိရပါတယ်။

အစားအစာနဲ့ လေ့ကျင့်ခန်းကို အလေးထားသူတွေမှာ နေထိုင်မှုပုံစံတွေပါ ပြောင်းသွားတာကြောင့် သွေးလည်ပတ်မှုကောင်းပြီး အာရုံကြောဆိုင်ရာပါ ကောင်းမွန်သွားတာ ဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံရအောင် ကြိုးစား ထိန်းသိမ်းဖို့ ခုကနေ စပြီး ကြိုးစားမယ်ဆိုရင် နောက်မကျသေးပါဘူး။ အထူးသဖြင့် ခုလိုဆောင်းတွင်းမှာ ချမ်းချမ်းစီးစီးနဲ့ ကွေးမနေဘဲ မနက်ခင်းတိုင်း လမ်းလျှောက်ထွက်ဖို့ သတိရပေးပါလို့ တိုက်တွန်းလိုက်ပါရစေ။

Ref: CNN “Just 6 months of walking may reverse cognitive decline, study says”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top