ONE Championship ကြိုးဝိုင်းအတွင်းမှ မွေထိုင်းလက်ဝှေ့ကျော်များ

sam-a-onefc.jpg

မွေထိုင်းအားကစားသည် ထိုင်းနိုင်ငံ၏ ရိုးရာအားကစားနည်းတစ်ခုဖြစ်ရုံသာမက ယနေ့ ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံး ကိုယ်ခံပညာတစ်ခုလည်း ဖြစ်သည်။ မွေထိုင်းအားကစားကို ထိုင်းနိုင်ငံသားများအပြင် နိုင်ငံခြားသားများပါ လေ့လာလိုက်စားနေကြပြီး ပရော်ဖက်ရှင်နယ် မွေထိုင်းပွဲများတွင်လည်း ပါဝင်ထိုးသတ်လျက်ရှိနေကြသည်။

ထိုသို့ ရေပန်းစားသည့် ကိုယ်ခံပညာအားကစားနည်းကို အာရှကိုယ်ခံပညာများမြှင့်တင်ပေးနေသည့် ONE Championship ၏ ကြိုးဝိုင်းထဲတွင်လည်း ထည့်သွင်းကျင်းပလျက်ရှိကာ မွေထိုင်းကမ္ဘာ့ချန်ပီယံခါးပတ်ကိုပင် ချီးမြှင့်ပေးလျက်ရှိသည်။ ယခု မေလအတွင်းကျင်းပသည့် ONE ၏ ပြိုင်ပွဲကြီး (၃) ပွဲတွင်လည်း မွေထိုင်းကမ္ဘာ့ချန်ပီယံလုပွဲ (၂) ပွဲ ပါဝင်လျက်ရှိရာ ONE ၏ ကြိုးဝိုင်းအတွင်းမှ နာမည်ကျော်မွေထိုင်းအကျော်အမော်အချို့ အကြောင်းကို စုစည်းတင်ပြလိုက်ရပါသည်။

Sam-A Gaiyanghadao

ကမ္ဘာ့အကောင်းဆုံး မွေထိုင်းအားကစားသမားများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံထားရသည့် Sam-A သည် ONE ၏ ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံလည်း ဖြစ်သည်။ အသက် (၉) နှစ် ကတည်းက မွေထိုင်းအားကစားကို စတင်ယှဉ်ပြိုင်ကစားခဲ့သူ Sam-A သည် လက်ရှိအချိန်တွင် ပွဲပေါင်း (၄၀၀) ကျော်ထိုးသတ်ထားသည့် သက်ရှိထင်ရှား ဂန္တဝင်ကစားသမားကြီးအဖြစ် ရပ်တည်နေသည်။

၎င်း၏ကစားသမား ဘဝတစ်လျှောက်တွင် Lumpinee စူပါဖလိုင်းဝိတ်တန်းချန်ပီယံခါးပတ်ကို အကြိမ်ကြိမ်ဆွတ်ခူးခဲ့ဖူးသလို စူပါဖလိုင်းဝိတ်တန်း၊ ဘန်တန်ဝိတ်တန်းနှင့် စူပါဘန်တန်ဝိတ်တန်း အစရှိသဖြင့် ဝိတ်တန်း (၃) ခုတွင် ထိုင်းနိုင်ငံချန်ပီယံ ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် ၂၀၁၁ တွင် Lumpinee တစ်နှစ်တာ အကောင်းဆုံးလက်ဝှေ့သမားဆုကိုလည်းကောင်း၊ ထိုင်းအားကစား ကလောင်ရှင်များ ရွေးချယ်သည့် အကောင်းဆုံးလက်ဝှေ့သမားဆုကိုလည်းကောင်း ရရှိခဲ့ဖူးသည်။

၎င်းသည် ၂၀၁၈ တွင် ONE Championship နှင့် စာချုပ်ချုပ်ဆိုခဲ့ ပြီးနောက် Super Series ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ ချန်ပီယံလုပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည်။ Sam-A ၏ ကစားပုံမှာ ခံစစ်ကိုအားသန်ပြီး တန်ပြန်တိုက်စစ်ဖြင့် တုံ့ပြန်တတ်သူ ဖြစ်သည်။ ၎င်းသည် လတ်တလောတွင် ပြည်တွင်း မွေထိုင်းပွဲများမှ အနားယူကာ စင်ကာပူတွင်အခြေစိုက်ပြီး နည်းပြလောကထဲ စတင် ဝင်ရောက်နေပြီ ဖြစ်သည်။

Nong-O Gaiyanghadao

Nong-O သည် Sam-A ကဲ့သို့ပင် သက်ရှိထင်ရှားဂန္တဝင်ကစားသမားအဖြစ် သတ်မှတ်ခံထားရသည့် မွေထိုင်းလက်ဝှေ့သမားတစ်ဦး ဖြစ်သည်။ ၎င်း၏ဝိတ်တန်းထဲတွင် ကမ္ဘာ့အကောင်းဆုံး မွေထိုင်း ကစားသမားအဖြစ် သတ်မှတ်ကြသည့် Nong-O သည် ONE ၏ ဘန်တန်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံလည်း ဖြစ်သည်။

Nong-O သည်လည်း Sam-A ကဲ့သို့ပင် (၉) နှစ်သားကတည်းက ကြိုးဝိုင်းထဲစရောက်ခဲ့သူဖြစ်ပြီး ပွဲပေါင်း (၃၀၀) ကျော် ထိုးသတ်ထားသည်။ ၎င်း၏ ကစားသမားဘဝတစ်လျှောက် ဝိတ်တန်း (၅) တန်းတွင် ချန်ပီယံဖြစ်ခဲ့ဖူးသလို Lumpinee ချန်ပီယံ (၃) ကြိမ်နှင့် ထိုင်းနိုင်ငံ ချန်ပီယံ (၂) ကြိမ် ဖြစ်ဖူးသည်။

၂၀၁၀ ခုနှစ်တွင် ထိုင်းအားကစားအာဏာပိုင်များကချီးမြှင်သည့် အကောင်းဆုံးမွေထိုင်း လက်ဝှေ့သမားဆုနှင့် ၂၀၀၅ ခုနှစ်တွင် ထိုင်းအားကစားကလောင်ရှင်များ ရွေးချယ်သည့် တစ်နှစ်တာ အကောင်းဆုံးလက်ဝှေ့သမားဆုများ ရရှိခဲ့ဖူးသည်။ ၂၀၁၈ ခုနှစ်တွင် ONE နှင့် စာချုပ်ချုပ်ပြီးနောက် Super Series ဘန်တန်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံလုပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည်။ ၎င်းသည်လည်း လတ်တလောတွင် Sam-A နှင့်အတူ စင်ကာပူမှ Evolve MMA အားကစားရုံတွင် နည်းပြတစ်ဦးအဖြစ် တာဝန်ယူထားသည်။

Stamp Fairtex

အမည်ရင်းမှာ Nong Stamp ဖြစ်သော်လည်း ကြိုးဝိုင်းနာမည် Stamp Fairtex ဟု လူသိများသည့် အမျိုးသမီးသည် အသက် (၂၁) နှစ်သာရှိသေးသည့် ဖြူဖြူသွယ်သွယ်မိန်းကလေးတစ်ဦးဖြစ်သည်။ သို့သော် Stamp သည် အသက် (၅) နှစ်အရွယ်ကတည်းက ဖခင်ဖြစ်သူ၏ အားကစားရုံတွင် ကိုယ်ခံပညာရပ်များကို လေ့လာသင်ယူခဲ့သည့်မိန်းကလေးဖြစ်ပြီး မွေးရပ်မြေဖြစ်သော ထိုင်းနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသတွင် မွေထိုင်းချန်ပီယံဖြစ်သည်အထိအောင်မြင်ခဲ့သည်။

Stamp သည် အားကစားလောကထဲ ခြေစုံပစ်ဝင်ရန်ရည်မှန်းချက်ဖြင့် မွေးရပ်မြေရနောင်းမှ ပတ္တရားသို့ ပြောင်းရွှေ့လာခဲ့ပြီး ပြိုင်ပွဲပေါင်း (၈၀) ကျော်ကစားခဲ့ကာ ငယ်ငယ်ရွယ်ရွယ်နှင့် ဝိတ်တန်းနှစ်ခုတွင် ချန်ပီယံ ဖြစ်ခဲ့သည်။ မွေထိုင်းအားကစားတွင် အမျိုးသမီးများလည်း အစွမ်းပြနိုင်သည်ကို သက်သေပြလိုသည့်ဆန္ဒကြောင့် ONE နှင့် စာချုပ်ချုပ်ဆိုကာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Super Series အက်တမ်ဝိတ်တန်း မွေထိုင်းအမျိုးသမီးကမ္ဘာ့ချန်ပီယံလုပွဲတွင် ဗိုလ်စွဲနိုင်ခဲ့သည်။

ထိုမျှမက ONE ၏ Kick Boxing ကမ္ဘာ့ချန်ပီယံလုပွဲတွင်ပါ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရဗိုလ်စွဲခဲ့ပြန်သဖြင့် လက်ရှိအချိန်တွင် ချန်ပီယံခါးပတ်နှစ်ခုကို သိမ်းပိုက်ထားနိုင်သူ ဖြစ်သည်။ Stamp သည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားအသုံးပြုရသည့် ONE Warrior Series တွင်လည်း တစ်ပွဲပါဝင်ထိုးသတ်ဖူးပြီး အနိုင်ရရှိထားသည်။

Yodsanklai Fairtex

Yod ဟု အတိုကောက် ခေါ်ကြသည့် Yodsanklai Fairtex သည် ONE ၏ Kick Boxing ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နေသူဖြစ်သော်လည်း ထိုင်းနိုင်ငံတွင် နာမည်ကျော် မွေထိုင်းလက်ဝှေ့သမားအဖြစ် လူသိများသည်။ သူသည် WBC ၏ စူပါဝယ်လ်တာဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံဖြစ်သလို ဝိတ်တန်းနှစ်ခုတွင် Lumpinee ချန်ပီယံဖြစ်ခဲ့ဖူးသည်။ အခြား နာမည်ကျော် မွေထိုင်းလက်ဝှေ့သမားများကဲ့သို့ပင် အသက် (၈) နှစ်ခန့်ကတည်းက ကြိုးဝိုင်းထဲဝင်ရောက်ခဲ့သူ ဖြစ်ပြီး လက်ရှိအချိန်တွင် ပွဲပေါင်း (၂၀၀) ကျော် ထိုးသတ်ထားသည်။

Yod သည် လက်ဝှေ့ထိုးသတ်ရာတွင် ဦးနှောက်ဖြင့်တွက်ချက်စဉ်းစားပြီးမှ ဟာကွက်မရှိအောင် ထိုးသတ်တတ်သူဖြစ်သဖြင့် “လက်ဝှေ့ကွန်ပြူတာ”ဟုပင် ထိုင်းသတင်းစာများက အမွှမ်းတင် ရေးသားကြသည်။ Yod သည် ၂၀၁၇ ဇွန်လတွင် လက်ဝှေ့လောကမှအနားယူပြီဟု ကြေညာခဲ့ဖူးသော်လည်း ဒီဇင်ဘာလတွင် ကြိုးဝိုင်းထဲပြန်ဝင်လာမည်ဟု ပြန်လည်ကြေညာခဲ့သည်။

လက်ရှိအချိန်တွင် Yod သည် Giorgio Petrosyan, Andy Souwer စသည့် နာမည်ကျော် ကစားသမားများနှင့်အတူ ONE၏ Super Series Kick Boxing ကမ္ဘာ့ချန်ပီယံလုပွဲတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။

Lerdsila Phuket Top Team

မွေထိုင်းအားကစား၏ မေဝယ်သာဟုတင်စားခေါ်ဝေါ်ခြင်းခံရသူ Lerdsila သည် WMC, WBC, WKN, WLF နှင့် WPMF တို့ ကမ္ဘာ့ချန်ပီယံခါးပတ်များကို လှည့်လည်သိမ်းပိုက်ထားသူ ဖြစ်သည်။ Rajadamnern အားကစားကွင်း၏ ချန်ပီယံဆုကိုလည်း ဝိတ်တန်းသုံးခုတွင် ဆွတ်ခူးခဲ့ဖူးသည့်အပြင် Kick Boxing ကမ္ဘာ့ချန်ပီယံလည်း ဖြစ်ခဲ့ဖူးသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းမှ မြို့ငယ်လေးတစ်မြို့တွင် အသက် (၇) နှစ် ကတည်းက မွေထိုင်းအားကစားကို လေ့လာသင်ယူခဲ့သူ Lerdsila သည် အသက် (၁၂) နှစ် အရွယ်တွင် ဘန်ကောက်၌ ပရော်ဖက်ရှင်နယ်မွေထိုင်းပွဲများ စတင်ထိုးသတ်နေပြီဖြစ်သည်။ Lerdsila သည် ၎င်း၏ အကောင်းဆုံးအချိန်တွင် ပွဲပေါင်း (၁၀၀) ကျော်ဆက်တိုက်အနိုင်ရဖူးသည့် အံ့ဖွယ်စံချိန် ရရှိခဲ့ဖူးသည်။

သူ၏ကစားသမားဘဝတစ်လျှောက်တွင် Orono Wor Petchpun, Nong-O Gaiyanghadao နှင့် Jomthong Chuwattana စသည့် နာမည်ကျော်များနှင့်လည်း ထိုးသတ်ခဲ့ဖူးသည်။ Lerdsila သည် တရုတ်နှင့် အမေရိကန်သို့သွားရောက်၍ မွေထိုင်းပွဲများ လှည့်လည်ထိုးသတ်ပြီးနောက် ONE ၏ ကစားသမားတစ်ဦးအဖြစ် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top